Friday, 31 January 2014

ကိလေသာ


ကိလေသာဆိုတာဘာလဲ
``စိတ္တံကိလိဿတိ၊ ဥပတပ္ပတိ၊ ဗာဓိယတိဝါ၊ ဧတေဟီတိကိလေသာ``လို့ဝိဂြိုလ်ပြုကြပါတယ်။
ပါဠိအနက်ကတော့-
ဧတေဟိ၊ ဤတရားတို့ဖြင့်။ စိတ္တံ၊ စိတ်သည်။ ကိလိဿတိ၊ ညစ်ညူးတတ်၏။
ဥပတပ္ပတိ၊ ပူပန်တတ်၏။ ဗာဓိယတိ၊ နှိပ်စက်ညှင်းဆဲတတ်၏။
က္ကုတိသ္မာ၊ ထို့ကြောင့်။ ကိလေသာ၊ ကိလေသာမည်၏။

မြန်မာသက်သက်အဓိပ္ပါယ်ကတော့-
စိတ်ကိုညစ်ညူးအောင် ပူပန်အောင် ညှင်းပန်းနှိပ်စက်တတ်တဲ့ သဘောတရားကို
ကိလေသာဟုခေါ်ပါတယ် လို့ဆိုလိုပါတယ်။

ကိလေသာအမျိုးအစားများ
အကျယ်အားဖြင့်ကိလေသာ (၁၅၀၀)ရှိပါတယ်။ အကျဉ်းအားဖြင့်တော့(၁၀)ပါးသာ
ရှိပါတယ်။ အဲဒီ (၁၀)ပါးကတော့
၁။ လောဘ= လိုချင်တက်မက်ခြင်း။
၂။ ဒေါသ= အမျက်ထွက်ခြင်း။
၃။ မောဟ= မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
၎။ မာန= ထောင်လွှား၊မော်ကြွား၊ တက်ကြွခြင်း။
၅။ ဒိဋ္ဌိ= အယူလွဲမှားခြင်း။
၆။ ၀ိစိကိစ္ဆာ= ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
၇။ ထိန= ငိုက်မျည်းခြင်း၊ ပျင်းရိခြင်း။
၈။ ဥဒ္ဓစ္စ= စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
၉။ အဟီရိက= အကုသိုလ်ပြုရန် မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ= အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ဖြစ်ကြပါတယ်။

ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံနိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီတွေပဲဖြစ်ဖြစ် ယခုပြောတဲ့ကိလေသာ ၁၀ပါးတွေအပြည့်အနှက်ရှိနေပါတယ်။
အဲဒါကြောင့်လူ့ဘောင်မှာ ဥစ္စာပစ္စည်းရှာဖွေလျက် သားတွေမယားတွေနှင့် စည်းစိမ်ခံနေကြတဲ့
ပုဂ္ဂိုလ်တွေကိုသာ ကိလေသာထူထပ်နေတယ်လို့ မထင်မှတ်ကြပါနှင့်။ ကိလေသာ ၁၀ပါးမှာလည်း
အခိုက်အတန့်အားဖြင့် သုံးပါးစီရှိပါတယ်။

ကိလေသာ အခိုက်အတန့်(၃)ပါး
၁။ ၀ီတိက္ကမကိလေသာ= အကြမ်းစားကိလေသာ။
၂။ ပရိယုဋ္ဌာနကိလေသာ= အလတ်စားကိလေသာ။
၃။ အနုသယကိလေသာ= အနုစားကိလေသာလို့ သုံးမျိုးခွဲခြားထားပြန်ပါတယ်။
ဝစီဒွါရမှ အလွန်ကြမ်းတမ်းစွာထကြွသောင်းကျန်းလှုပ်ရှားကြတဲ့ ၀စီဒုစရိုက်တွေ၊ ကာယဒွါရမှအလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွသောင်းကျန်းတဲ့ ကာယဒုစရိုက်တွေကို ၀ီတိက္ကမကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာထကြွသောင်းကျန်းတာကိုတော့မျက်မြင်အားဖြင့် လူတိုင်းသိနိုင်ပါ
တယ်။ကိုယ်အင်္ဂါနှုတ်အင်္ဂါလှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရှိသေးဘဲ စိတ်နုလုံးမှာသာပွက်ပွက်ဆူလျက်ထကြွနေတဲ့ ဒေါသစတဲ့တရားတွေကို ဒေါသစတဲ့တရားတွေကို ပရိယုဋ္ဌာနကိလေသာ လို့ခေါ်ပါတယ်။ ထိုကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စောင့်နတ်တွေ
သာလျှင်သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေး။ စိတ်သန္တာန်၌ အမြဲကိန်းလျက် ၀ပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသစသောတရားတွေကို အနုသယကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာမျိုးကိုတော့
မြတ်စွာဘုရားမှတစ်ပါး ဘယ်သူမှမမြင်နိုင် မသိနိုင်ကြပါ။
အကြမ်းစားဖြစ်တဲ့ ၀ီတိက္ကမကိလေသာ ကိုတဒင်္ဂပဟာန် တစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း၊
အလတ်စားဖြစ်တဲ့ ပရိယုဋ္ဌာနကိလေသာကို ၀ိက္ခမ္ဘနပဟာန် နှစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း
တွေကတော့ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။ ယခုအခါ အခြားဘာသာတွေမှာလည်းအထိုက်အလျောက်ရှိပါတယ်။
အနုသယကိလေသာကို သမုစ္ဆေဒပဟာန်ဆိုတဲ့အကြွင်းမဲ့ပယ်သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။ ဗုဒ္ဓမရှိတဲ့ နောက်မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဘောင်အတွင်းမှာသာကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ ဗုဒ္ဓ၏သာသနာနှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်မလိုက်တဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေကတော့ သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။

အပ္ပမာဒ အတွဲ(၇)၊အမှတ်(၂)
— with Paing Soe and Nang Mie Mie Htun.

ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment