တရားပွဲတစ်ပွဲတွင်
နာမည်ကျော် ဓမ္မကထိကတစ်ပါးက- ဗြဟ္မာဟူသည်မှာ ကိုယ်ကာယ မရှိ၊ ကြားနိုင်,
မြင်နိုင်သော သဘောတရားမျှသာရှိသည် ဟု ဟောကြားသည်ကို နာခဲ့ရသည်။ ရူပဗြဟ္မာသည်
ရုပ်ရောနာမ်ပါရှိပြီး ပသာဒအားဖြင့်သာ စက္ခုနှင့်သောတ နှစ်မျိုးတည်းရှိကြောင်း၊
အရူပဗြဟ္မာများကား နာမ်တရားချည်းသာ ရှိကြောင်းလည်း မှတ်သားမိပါသည်။အထက်ပါ
ကွဲလွဲချက်များအပြင် ဗြဟ္မာနှင့်ပတ်သက်သော အောက်ပါ အချက်များကို လည်း
ရှင်းလင်းစွာ သိလိုပါသည်-
(၁) ဈာန်စိတ်ဖြင့်နေသော ဗြဟ္မာကြီးများသည် ဘ၀င်စိတ်ဖြင့် အိပ်/မအိပ်။
(၂) ပုထုဇဉ်ဗြဟ္မာများသည် သက်တမ်းစေ့မနေရဘဲ စုတေခြင်းရှိ/မရှိ။(၃) ရဟန္တာဗြဟ္မာကြီးများသည် ရဟန်းပြုခွင့် မရှိသဖြင့် ဗြဟ္မာဘုံတွင် ဆက်လက် နေနိုင်/မနေနိုင်။
ကိုမြင့်သူ (မဲဇာမြိုင်)
`တရားပွဲတစ်ပွဲတွင် နာမည်ကျော် ဓမ္မကထိကတစ်ပါးက- ဗြဟ္မာဟူသည်မှာ ကိုယ်ကာယ မရှိ၊ ကြားနိုင်,မြင်နိုင်သော သဘောတရားမျှသာရှိသည် ဟု ဟောကြားသည်ကို နာခဲ့ရသည်။´ဟူရာ၌ ထိုဓမ္မကထိကသည် မည်သည့်ဗြဟ္မာကို ရည်ရွယ်သည်ဟု မသိရသော်လည်း `ရူပဗြဟ္မာသည် ရုပ်ရောနာမ်ပါရှိပြီး ပသာဒအားဖြင့်သာ စက္ခုနှင့်သောတ နှစ်မျိုးတည်းရှိကြောင်း၊ အရူပဗြဟ္မာများကား နာမ်တရားချည်းသာ ရှိကြောင်းလည်း မှတ်သားမိပါသည်။´ဟူသော မှတ်သားမှုကား မှန်ပါသည်။
(၁) ဈာန်စိတ်ဖြင့်နေသော ဗြဟ္မာကြီးများသည် ဘ၀င်စိတ်ဖြင့် အိပ်/မအိပ်။-ဟူရာ၌--စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာအမှတ် (၇၉၇) ၏ အဖြေကို ထုတ်ပြလိုက်ပါသည်။
`မျောက်မျဉ်းစက်သည်၊ ဗြဟ္မာ့ပြည်၊ ထွေလည် လူသို့ရှိလိမ့်နည်း။´
-ဟူသော အမေးပုစ္ဆာ၌ အဖြေ၀ိသဇ္ဇနာကား--ဗြဟ္မာအိပ်ကြောင်း၊ မအိပ်ကြောင်းကို ကျမ်းဂန်လာသည်ကို သတိမမူမိ။
ယုတ္တိကို ထောက်သော် အိပ်ခြင်းဟူသည်ကား ထိနမိဒ္ဓဖြင့် အိပ်ခြင်း, ရုပ်၏ အိပ်ခြင်းဟူ၍ နှစ်ပါးရှိသည်။
(ရုပ်၏ အိပ်ခြင်းဟူသည် ကာယဂေလည- ကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ခြင်းကို ဆိုလိုဟန်ရှိပါသည်။ ထိန-မိဒ္ဓကင်းသော ဘုရား-ရဟန္တာတို့၏ အိပ်ခြင်းကဲ့သို့တည်း။) ဗြဟ္မာ့ဘုံ၌ ထိုအိပ်တတ်သော နာမ်,ရုပ် တရားနှစ်ပါးပင် ရှိရကား ဗြဟ္မာတို့၌ မျောက်မျဉ်းခြင်း၊ အိပ်စက်ခြင်းသည် ရှိသေး၏-ဟု ယူဖွယ်ရှိ၏။
လျောင်း၍ပင် အိပ်သလော ဟူငြားအံ့။ ထိုဗြဟ္မာတို့၌ ဒေါသကြဉ်သော ကာမဇော သတ္တ၀ီသ။ ၀ုဋ္ဌော၊ အဘိညာဉ်ဇော၊ အပ္ပနာဇောတို့ကို ယထာရဟ ရကြကုန်၏။ ထိုစိတ်တို့တွင် ၀ုဋ္ဌော၊ ကာမဇောစိတ်တို့သည် ရပ်ခြင်း ထိုင်ခြင်း သွားခြင်း လာခြင်း-ဟူသော ဣရိယာပုထ်ကို ဖြစ်စေတတ်သည်။ အပ္ပနာဇောတို့သည် ဖြစ်ပြီးသော ဣရိယာပထကို မယွင်းမယိုင် ခိုင်ခံ့စေတတ်သည်။
အိပ်ပျော်ခြင်းဟူသည်မှာ ဘ၀င်သက်ခြင်းပင် ဖြစ်ရကား ရူပဘ၀င်စိတ် သည်လည်း အိပ်ပျော်ခြင်းကိစ္စကို ပြီးစေသည်ပင်ဖြစ်သည်။ ထို့ကြောင့် လျောင်း၍လည်း အိပ်ရာ၏ဟူပေ။
ဝုဋ္ဌော၊ ကာမဇောတစ်ခုယုတ်သုံးဆယ်၊ အဘိညာဉ်ဒွေးတို့သည် ကာယ၀ိညတ်၊ ၀စီဝိညတ်ကိုလည်း ဖြစ်စေ၏။ -ဟူ၍သာလျှင် သင်္ဂြီုဟ်ဆရာဆိုပါသည် မဟုတ်လော၊ ဘယ့်ကြောင့် ဣရိယာပုထ်ကို ဖြစ်စေ၏-ဟု ဆိုပြန်သနည်း ဟူငြားအံ့။ `၀ိညတ္တိမ္ပိ သမုဋ္ဌာပေတိ´ဟူသော ပါဋ္ဌ်၌ ပိသဒ္ဒါဖြင့် ပေါင်း၍ ပြတော်မူသောကြောင့် သိရပါသည် ဟူပေ။
(၂) ပုထုဇဉ်ဗြဟ္မာများ သက်တမ်းစေ့မနေရဘဲ စုတေခြင်းရှိ-မရှိဟူရာ၌ဘုရားလောင်းများ သက်တမ်းရှည်သော နတ်ပြည်ဗြဟ္မာပြည်တို့သို့ ရောက်ခဲ့သော် ထိုနတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ပါရမီဖြည့်ကျင့်ဖွယ်မရှိရကား အဓိမုတ္တိကာလကိရိယာ-ဟူသော သေခြင်းဖြင့် စုတေကြကာ လူ့ပြည်၌ ပါရမီဖြည့်ကျင့်ကြကြောင်း အဋ္ဌကထာများတွင် ဆိုပါသည်။
ပုံမှန်အားဖြင့်ကား--
`ပုဂ္ဂိုလ်အထု၊ ထိုအစုတွင်၊
အာယု ပုည၊ ခယ နှစ်မှာ၊
တဖြာဖြာကြောင့်၊ ဗြဟ္မာတို့အား၊
စုတိငြား၏၊ နှစ်ပါးမည်ထ၊
ထိုခယ၌၊ ဟာရ ကောပါ၊
ထည့်၍သာလျှင်၊ လေးဖြာအပေါင်း၊
နတ်သေကြောင်းတည့်၊ ၎င်းထိုမှ၊
မနုဿကား၊ ခယနှစ်ချက်၊
ဥဘယက်နှင့်၊ လက်နက်ဟူပေ၊
ဥပစ္ဆေဖြင့်၊ လေးထွေအလို၊ သေကြောင်းဆို၏။´
(မဃဒေ၀၊ ၁၄၂) ဟူသော လင်္ကာအတိုင်း
`ဗြဟ္မာတို့သည်
အာယုက္ခယ- အသက်တမ်းကုန်ခြင်း၊
ပုညက္ခယ- ကောင်းမှုကံကုန်ခြင်း-ဟူသော အကြောင်းနှစ်ပါးဖြင့် စုတေကြကုန်၏။
နတ်တို့ကား ထိုနှစ်ပါးအပြင် အာဟာရပြတ်လတ်ခြင်း,
(အာဟာရ ပြတ်လတ်ခြင်း-ဟူရာတွင် အပျော်အပါး အကစားကြူးသော နတ်တို့သည် အစာစားချိန်ကို သတိမရဘဲ မြူးထူးပျော်ပါး ကစားနေမိကြရာ အစာစားချိန်လွန်ခါမှ သတိရ၍ စားသော်လည်း သူတို့၏ ပါစက၀မ်းမီးကလည်း အားကြီးလွန်း၊ ကာရဇကာယ-ဟု ဆိုအပ်သော ခန္ဓာကိုယ်ကလည်း နူးညံ့လွန်းရကား နွေခေါင်ခေါင် နေ့လည်ခင်း ပူပြင်းလှသည့် အချိန်တွင် ကျောက်ဖျာပေါ်၌ ပစ်ထားမိသော ကြာပန်းကို ညအခါ အကြိမ်ပေါင်း မည်မျှပင် ရေလောင်းစေကာမူ ပြန်လည်၍ လန်းဆန်းမလာသကဲ့သို့ ထိုနတ်တို့လည်း အထပ်ထပ် စားစေကာမူ အသက်မရှင်နိုင်ကြတော့၊ စုတေကြရတော့သည်သာ။ ထိုနတ်မျိုးကို ခိဍ္ဍာပဒေါသိကာ- နတ်များဟုခေါ်၏။)
အမျက်ထွက်ခြင်း-
(စတုမဟာရာဇ်နတ်တို့သည် အချင်းချင်း အမျက်ထွက်ကြ ခိုက်ရန်ငြင်းခုန်မှု ပြုကြသောအခါ ဒေါသမီးလောင်ကျွမ်းကာ စုတေကြရသတဲ့။ အကျယ်ကို သီလက္ခန် အဋ္ဌကထာတွင် ရှုပါ။) ဟူသော အကြောင်းလေးပါးဖြင့် စုတေကြကုန်၏။
လူတို့ကား အသက်တမ်းကုန်ခြင်း၊ ကံစွမ်းကုန်ခြင်း၊ အသက်တမ်းကံစွမ်း နှစ်ပါးစုံကုန်ခြင်း၊ ဥပစ္ဆေဒကကံဖြင့်သေခြင်း-ဟူသော အကြောင်းလေးပါး တစ်ပါးပါးဖြင့် စုတိပြတ်ကြွေ သေလွန်ကြရကုန်၏။
(၃) ရဟန္တာဗြဟ္မာကြီးများ ရဟန်းပြုခွင့် မရှိသဖြင့် ဗြဟ္မာဘုံတွင် ဆက်လက်နေနိုင်/ မနေနိုင်။တေ၀ိဇ္ဇ၀စ္ဆသုတ် အဋ္ဌကထာတွင် လူအသွင်အပြင် လူဝတ်လူစားဖြင့် ရဟန္တာဖြစ်ခဲ့သော် ထိုရဟန္တာဖြစ်သော နေ့၌ပင် ရဟန်းသော်လည်း ပြုရာ၏။ ပရိနိဗ္ဗာန်သော်လည်း စံရာ၏-ဟု ဆိုပါသည်။ (ဤ၌ ခုနစ်ရက်အတွင်းဟု ပြောလေ့ရှိကြသည်။ ကျမ်းဂန်၌ တစ်ရက်အတွင်းသာ။)
အဘယ်ကြောင့်ဆိုသော် လူ့အသွင်ကား ယုတ်ညံ့၏။ ယုတ်ညံ့သော လူ့အသွင်ဖြင့် အရဟတ္တဖိုလ်တည်းဟူသော မြတ်သောဂုဏ်ကို မဆောင်နိုင်သောကြောင့်ဟု ဆိုပါသည်။ မြေ၌တည်သောနတ်တို့ကား ပုန်းအောင်ရာနေရာ ရှိသောကြောင့် ရဟန္တာအဖြစ်ဖြင့်ပင် နေနိုင်ကြကုန်သတဲ့။
လူတို့ကား အနာဂါမ်အထိ နေနိုင်ကုန်၏။ အထက်နတ်ပြည်ရှိ နတ်တို့ကား သောတာပန်, သကဒါဂါမ်နှစ်မျိုးသာ နေနိုင်ကုန်၏။
အနာဂါမ်, ရဟန္တာတို့ကား ဆိတ်ငြိမ်ကွယ်ကာသော အရပ်ဌာနမရှိသောကြောင့် မနေနိုင်ကြကုန်။ မှန်၏။
နတ်ပြည်ကား အပျော်အပါးမက်သူတို့၏ နေရာဌာနဖြစ်၏။ ကာမရာဂမကင်းသေးသူတို့အတွက် ပျော်စရာဖြစ်သော်လည်း ကာမရာဂကင်းပြီးသော အနာဂါမ်, ရဟန္တာတို့အတွက်ကား နေစရာမရှိ။
နတ်ပြည်၌ ရဟန္တာဖြစ်ခဲ့သော် မကြာမီ ပရိနိဗ္ဗာန်ပြု၏။ အနာဂါမ်ဖြစ်ခဲ့သော် ထိုနတ်ပြည်မှ စုတေ၍ သုဒ္ဓါဝါသဘုံ၌ ဖြစ်ရ၏။
အထက်ဗြဟ္မာပြည်တို့၌ကား ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်လုံးပင် နေနိုင်ကြကုန်၏။ (မ၊ဋ္ဌ၊ ၃၊၁၃၆)အတိအကျဆိုရလျှင်
် `ဆယ်ဘုံရူပ၊ တိဟိတ်ရ၏၊
သည သုသာ၊ ငါးသုဒ္ဓါမှာ၊
ရိယာခေါင်ဆုံး၊ သုံးယောက်စီရ၊
အရူပ၀ယ်၊ စမဂ်ပယ်သည်၊
ရှစ်သွယ်တိဟိတ် မကြွင်းတည်း။´
ဟူသော လင်္ကာအရ
`အသညတ်နှင့် သုဒ္ဓါဝါသကြဉ် ရူပဆယ်ဘုံ၌ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် ရှစ်ယောက်ရှိနိုင်၏။
အသညသတ်ဘုံ၌ကား သုဂတိအဟိတ်ပုဂ္ဂိုလ် တစ်ယောက်သာ ရှိ၏။
သုဒ္ဓါဝါသငါးဘုံတွင် အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်၊ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု သုံးယောက်သာ ရှိနိုင်၏။
အရူပလေးဘုံတွင် သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတစ်ပါး တိဟိတ်ပုဂ္ဂိုလ် ရှစ်ယောက် ရှိနိုင်၏။´ဟု မှတ်ပါလေ။

အရှင်ကောဝိဒ (ယော)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment