လုံ့လမရှိသေးတဲ့ မိမိကိုယ်ကို လုံ့လရှိအောင်ပြုပြင်
ရှိပြီးသားလုံ့လ၀ီရိယတွေ မလျော့ပါးသွားအောင်
ထိန်းထား၊ အတ္တသမာပဏီဓိခေါ်တယ်။
အသိဉာဏ်မရှိသေးတဲ့မိမိကိုယ်ကို အသိဉာဏ်ပြည့်စုံ
လာအောင် ကြိုးစား၊ ပြည့်စုံပြီးသား အသိဉာဏ်တွေ
လျော့မသွားအောင် ထိန်းထား၊ စွန့်လွှတ်ချင်တယ်ဆို
တဲ့စိတ်ဓါတ်မရှိသေးရင် စွန့်လွှတ်ချင်တဲ့စိတ်ဓါတ်တွေ
ဖြစ်လာအောင်ကြိုးစား၊ စွန့်လွှတ်ချင်တဲ့စိတ်ဓာတ်ရှိပြီး
သားဆိုရင် မလျော့ပါးအောင်ထိန်းထား၊ ယုံကြည်ချက်
မရှိသေးရင် ယုံကြည်ချက်ရှိအောင် ကြိုးစား၊ ရှိပြီးသား
ယုံကြည်ချက်တွေ မပျက်အောင်ထိန်းထား၊ ကိုယ်ကျင့်
တရားမပြည့်စုံသေးရင် ကိုယ်ကျင့်တရားနဲ့ပြည့်စုံအောင်
ကြိုးစား၊ ပြည့်စုံပြီးသားကိုယ်ကျင့်တရားတွေ မပျက်
အောင် ထိန်းထား အဲဒါတွေဟာ အတ္တသမာပဏီဓိ
မင်္ဂလာတရားတွေပဲလို့ ....
ဗုဒ္ဓရဲ့မင်္ဂလာတရားတွေဟာ လူမှုရေးကော ဘာသာရေး
ကော သာသနာရေးကော နိုင်ငံရေးကော ဘယ်အရေး
အရာမှာဖြစ်ဖြစ် အကုန်အသုံးဝင်တဲ့တရား၊ ဒါ့ကြောင့်
ကိုယ်နှုတ်စိတ်အား ကောင်းစွာထားမှတ်သားမင်္ဂလာ
ဘာသာရေးပဲဆောင်ရွက်ဆောင်ရွက်
သာသနာရေးပဲဆောင်ရွက်သည်ဖြစ်စေ
လူမှုရေးပဲဆောင်ရွက်သည်ဖြစ်စေ
တိုင်းရေးပြည်ရေးကိုပဲ ဆောင်ရွက်သည်ဖြစ်စေ
အတ္တသမ္မာပဏီဓိနဲ့ဆောင်ရွက်မှ အလုံးစုံပြီးပြည့်စုံတယ်။
အတ္တသမာပဏီဓိမင်္ဂလာအဆက်ပြတ်ပြီးတော့ ဆောင်ရွက်
ရင် လူမှု့ရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေးအားလုံး
တို့သည် ကြီးပွားခြင်း ငှါမဖြစ်သာဘူး။ ပျက်ဆီးဖို့ပဲရှိပါတယ်။
ဟိုးတုန်းက လှေတစ်စင်းမှာလူသုံးယောက်စီးသွားကြတယ်။
လှေတစ်စင်း လူသုံးယောက် ချောင်းလေးတစ်ခုတည်း
ရေစီးကလည်းသန်လိုက်တာ။ ဒိုက်တွေ ဗေဒါတွေကလည်း
အလွန်ထူတယ်။ အဲဒီချောင်းထဲ။ ဒိုက်တွေဗေဒါတွေအလွန်ထူတဲ့
အဲဒီချောင်းထဲ လူသုံးယောက်လှေစီးတယ် ။ ဦးကတစ်ယောက်
ပဲ့ကတစ်ယောက်၊ လှေဝမ်းထဲကတစ်ယောက်။ လှေဝမ်းထဲက
လူကတော့ တုံးလုံးကလေးခွေပြီးတော့ လှေဝမ်းထဲခွေပြီးတော့
လိုက်သွားတယ်။ ဦးကလူကလည်းပဲ ရှေ့ကဗေဒါလေးတွေခံလို့
ချင်ရင်သူကကြိုးစားဖို့ ဒိုက်တွေ ဗေဒါတွေ ဖယ်ဖို့သူကလိုက်သွား
တယ်။ နောက်ပဲ့ကလူကတော့ လှော်တက်နဲ့ပဲ့နဲ့ထိန်းပြီးတော့ နာနာ
ကိုလှော်သွားတယ်။ ဒီလိုကိုး။
လှော်ပြီးတော့သွားတဲ့အခါကျတော့ ရေစီးကခပ်သန်သန် ချောင်းလေး
က ခပ်ကျဉ်းကျဉ်း ဗေဒါတွေကထူ နောက်ကနေပြီးတော့ လှော်တက်
ကိုင်ပြီးတော့ ပဲ့ကိုင်လှော်တဲ့သူက နင်းကန်တအားတွန်းလှော်တာပဲ။
ဟုတ်လား။ သူက ၀ီရိယသမား။ ရှေ့လှေဦးကထိုင်လိုက်တဲ့သူက
ဘယ့်နှယ့်ဖြစ်နေတုန်းဆိုတော့ ရှေ့ကဗေဒါတွေဆွဲရ ရေလှိုင်းတွေနဲ့
တွေ့ တော်ကြာ နွယ်တွေနဲ့တွေ့ ခြုံတွေနဲ့တွေ့ဆိုတော့ သူကရှေ့နား
ကနေပြီးတော့ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရား၊ ဖြစ်နေတယ်။ သူကဘာဖြစ်နေလဲ။
ယုံကြည်ချက် မရှိတဲ့လူပေါ့။ ယံကြည်ချက်မရှိတဲလူဟာ သတ္တိနည်း
တယ်။ စဉ်းစားကြည့်သေသေချာချာ။ ယုံကြည်ချက်ခိုင်မြဲတဲ့ပုဂ္ဂိုလ်
မှ သတ္တိကောင်းတာ။ ဘာသာရေးပဲ ဆောင်ရွက်သည်ဖြစ်စေ၊
သာသနာရေးပဲဆောင်ရွက်သည်ဖြစ်စေ၊ လူမှုရေးပဲဆောင်ရွက်သည်
ဖြစ်စေ၊ တိုင်းရေးပြည်ရေးကိုပဲ ဆောင်ရွက်သည်ဖြစ်စေ အဲသည်ပုဂ္ဂိုလ်
ယုံကြည်ချက်မရှိရင် အသက်ကိုမစွန့်ရဲဘူး။ ယုံကြည်ချက်ခိုင်မြဲပြီဆိုတဲ့
ပုဂ္ဂိုလ်သည် အသက်လည်း စွန့်တယ်။ ပစ္စည်းလည်း စွန့်တယ်။
သားမယားပါ စွန့်တယ်။ ယုံကြည်ချက်မရှိတဲ့သူက အဲဒီလှေဦးက
လူလိုပဲ။ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရားနဲ့။ ဒီလိုဖြစ်နေတယ်။ နောက်က လှေနောက်က
လူကလည်းပဲ အတင်းကြီး တွန်းလှော်တာပဲ။ အတင်းကြီး တွန်းလှော်
လှေဦးကလူက အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရားဖြစ်နေတော့ နောက်ကလူက “ဘာလဲကွ
မင်းက ဘာကိုကြောက်နေတာလဲ ဘယ်သူ့ကြောက်ရမှာလဲ ချကွ၊
ချစမ်းပါကွ” နောက်က သူကဒီလို ၊ လှေဝမ်းထဲမှာခွေပြီးတော့ မှိန်း
လိုက်နေတဲ့သူကတော့ “ဘာတွေဖြစ်နေကြတာလဲကွာ၊ မောင်မောင့်
လှေလို့ပြောလိုက်စမ်းပါ” တဲ့သူက ။ လူသုံးယောက် လှေလှော်သွား
နေတယ်။ နောက်ပိုင်းကလူက ချဟဲ့ ချဟဲ့နဲ့ ။ လှေဦးကလူကတော့
အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား
ဘုရားနဲ့။ လှေဝမ်းထဲကလူကတော့ “ဘာတွေဖြစ်နေကြတာလဲကွာ၊
မောင်မောင့် လှေလို့ပြောလိုက်စမ်းပါ” ။ အဲဒီလိုသုံးယောက်ဟာ
ဘယ်လိုလူတွေမှတ်တုန်း လှေနောက်ပိုင်းက လှော်လိုက်နေတဲ့သူက
အရက်သမား၊ ဟုတ်လား။ လှေဦးကလူနေပြီးတော့ အမလေး ဘုရား
ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရားနဲ့ လုပ်နေတဲ့
သူက ဆေးခြောက်သမား။ လှေဝမ်းထဲက ခွေပြီးတော့ မှိန်းလိုက်သွား
တဲ့သူက ဘိန်းစား။ ဟုတ်တယ်မလား။ ဘိန်းစားကတော့ မှိန်းပြီးတော့
သူများလှော်တဲ့နောက်ကို အသာမျောလိုက်နေတာ။ သူဘာမှမလုပ်ချင်
ဘူး။ ဘိန်းစားသမားကတော့ အဲဒီအတိုင်းပဲ သူများလုပ်သမျှကိုမှေး
လိုက်သွားတာ။ လှေဝမ်းထဲ။ သူကစိတ်ကူးယဉ်နေတယ်မလား။
နတ်သမီးလေးတွေ တစ်ဖက် လေးငါးရာ ကြိုဖြစ်နေတာ။ ဆေးခြောက်
သမားကလည်းဘယ်လိုဖြစ်တုန်း။ ဆေးခြောက်သမားကလည်း ကြမ်း
ပေါ်မှာ အိမ်ပေါ်မှာကိုယ့်အိမ်ပေါ်ကို လမ်းလျှောက်တာတောင်မှ ကြမ်း
တစ်ခုနဲပတစ်ခု လက်ညိုးလောက်ကွာတဲ့ကြမ်းကြားလေးကိုလေ ဆေး
ခြောက်သမားက ကြီးကျယ်တဲ့ချောက်ကြီးထင်ပြီးတော့ ခုန်ပြီးတော့
ကျော်ချင်ကျော်နေတာ။ အဲဒါကြောင့်လှေဦးကနေသူက ကြောက်ပြီး
တော့ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး
ဘုရား ဘုရား ဒီလိုဖြစ်နေတယ်။ အဲဒီလိုလူသုံးယောက်လှေလှော်
သွားသလိုသာ ဒီတိုင်းပြည် ဒီဘာသာ ဒီသာသနာ အလိုလိုနေပြီးရော
ဘယ်လောက် စိတ်ပျက်စရာကောင်းမလဲ။ အတ္တသမာပဏီဓိ အရေး
ကြီးပုံကိုပြောတာ။ ဘိန်းစားလို ရေသာခိုမှိန်းပြီးတော့ မလိုက်ကြနဲ့။
လူပျင်း ပျင်းတဲ့သူက ၀ီရိယမရှိဘူး။ ဆေးခြောက်သမားလိုနေရာတကာ
ဘုရား ဘုရား ဘုရား လုပ်ပြီးတော့ ကြောက်မနေကြနဲ့။ သူကယုံကြည်
ချက်နဲတယ်။ ဒီလိုမလား။ နောက်က အမူးသမား အရက်သမားကဲ့သို့
ချလိုက် ချလိုက် နေရာတကာချလိုက်ချည်းလုပ်မနေနဲ့။ အဲဒီပုဂ္ဂိုလ်က
လည်း ပညာဉာဏ် အလွန်နည်းတယ်။ လူညံ့တွေချည်းမလား။ လုပ်
ပြီဟေ့ဆိုချလိုက်လုပ်နေတာ ဉာဏ်မရှိဘူး။ အလယ်ကောင်ကလူက
လည်း လူပျင်း။ သူလည်းဟန်မကျဘူး။ ရှေ့ဆုံးကလူက ယုံကြည်ချက်
မရှိဘူး။ အတ္တသမာပဏီဓိနော်။ ဒီလူသုံးယောက်ကိုကြည့်ထား။
ဒီလူသုံးယောက်လိုတော့ ဘယ်ကိစ္စမှာမှ ဘုန်းကြီးတို့ဒကာ ဒကာမတွေ
မလုပ်ကြနဲ့။
သီတဂူဆရာတော်
အတ္တသမ္မာပဏီဓိတရားတော်
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment