လောကပါလတရား ထွန်းကားနိုင်ပါစေ
လောကပါလဆိုတာ လောကကိုစောင့်ရှောက်ခြင်းလို့
အဓိပ္ပါယ်ရပါ တယ်။ ပါဠိစကား လောကနဲ့ပါလဆိုတဲ့ စကားနှစ်လုံးကို
ပေါင်းစပ်ထား တာပါ။ မြတ်စွာဘုရားက ဟိရီနဲ့သြတ္တပ္ပလို့ခေါ်တဲ့
ရှက်ခြင်းနဲ့ကြောက် ခြင်း တရားနှစ်ပါးကို လောကပါလလို့
ရည်ညွှန်းဟောကြားတော်မူခဲ့ပါ တယ်။
အရှက်တရားနဲ့အကြောက်တရားသာ မရှိဘူးဆိုလျှင် လူဟာတိရိစ္ဆာန် သဖွယ်ဖြစ်သွားနိုင်တယ်လို့ ဘုရားက ဟောထားတော်မူခဲ့ပါတယ်။ လူ တွေဟာ အရှက်အကြောက်ကိုကာကွယ်ဘို့အတွက်
အ၀တ်ဝတ်ကြတာ ပါ။ တိရစ္ဆာန်တွေကတော့ ရှက်ရကြောက်ရကောင်းမှန်း မသိလို့အ၀တ်
မ၀တ်ကြပါဘူး။ တိရစ္ဆာန်တွေဟာ ရှက်ရ ကြောက်ရကောင်းမှန်း မသိ လို့
မိဘကိုမိဘမှန်းမသိကြပါဘူး။ ဒါကြောင့်ပဲ သူတို့ဟာ မိဘကိုလည်း ရန်ပြု
တိုက်ခိုက်တတ်သလို မိဘကဖြစ်စေ၊ သားသမီးကဖြစ်စေ အချင်းချင်း
ဖိုမဆက်ဆံတတ်ကြပါတယ်။ လောကမှာ လူတွေဟာ အရှက် အကြောက် တရားနှစ်ပါး
သူတို့ရဲ့ရင်ထဲမှာကင်းမဲ့သွားပြီဆိုရင်
တိရစ္ဆာန်တွေလို ပြုမူ လာကြမှာဖြစ်ပါတယ်။ မိဘဆိုတာလဲ မသိတော့ ဘူး။
သားသမီးဆိုတာလဲမသိတော့ဘူး။ မောင်ရယ်နှမရယ် ဆိုတာလဲ မသိကြတော့ပါဘူး။
အဲဒီအခါလောကကြီးတခုလုံး ပျက်စီးသွားနိုင်ပါ တယ်။ ဒါကြောင့်ပဲ ရှက်ခြင်း
ကြောက်ခြင်းတရား နှစ်ပါး (ဟိရီနဲ့ သြတ္တ ပ္ပ)ကို လောကပါလဆိုပြီး
မြတ်စွာဘုရားက ရည်ညွှန်းဟောကြား တော်မူထားတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့ အဆုံးအမတရားဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ အချိန်
ကာလအတော်ကြာမြင့်စွာကတည်းက အမြစ်တွယ်နေတာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းစဉ်လာများဟာလည်း အားလုံးနီးပါး ဗုဒ္ဓဘာသာတရားတော်တွေကို
အခြေခံထားတာပါ။ ဒါကြောင့်ဗုဒ္ဓဘာ သာ ပိဋကတ်တော်လာအဆုံးအမ အတွေးအခေါ်များဟာ
မြန်မာ့ယဉ်
ကျေးမှုရဲ့ အခြေခံအုတ်မြစ်ပါတယ်။ အဲဒီအတွေးအခေါ်
အဆုံးအမတွေ ကို ဖြုတ်ပယ်ပစ်လိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုဟာ
အမွေးအတောင် နှုတ်ထားတဲ့ စာကလေးငှက်လို ဘာမှ ကျန်ရှိတော့မှာ မဟုတ်ပါဘူး။
ဆိုလိုတာက ဗုဒ္ဓတရားတော် ဗုဒ္ဓအဆုံးအမများနဲ့ အခြေ တည်ထားတဲ့
မြန်မာ့ယဉ်ကျေးမှု မြန်မာ့လူ့အဖွဲ့အစည်းဟာ လောက ပါလတရား ထွန်းကားတဲ့
လူ့အဖွဲအစည်းတခုဖြစ်ပါတယ်။
မိဘတွေကို ရိုသေလေးစားခြင်း၊
ပြုစုစောင့်ရှောက်ခြင်း၊ ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး အကိုအမတွေကို
လေးစားခြင်း၊ ဣနြေ္ဒသိက္ခာရှိစွာ
နေထိုင်သွားလာခြင်း၊ လျှပ်ပေါ်လော်လည်စွာမနေခြင်း..... ဒါတွေအားလုံးဟာ ဗုဒ္ဓတရားတော်ကပေးတဲ့ အဆုံးအမတွေဖြစ်ပါ
တယ်။ ဒီအဆုံးအမတွေအတိုင်း လိုက်နာကျင့်ကြံသူတွေဟာ မလွဲမသွေကောင်းကျိုးချမ်းသာကို ရရှိခံစားကြရမှာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာလူကြီးသူမများ မိဘများဟာ လူငယ်တွေရဲ့အပြုအမူအပေါ်
စိတ်ကြိုက်မတွေ့ရင် ခေတ်ကာလလူငယ်တွေ ပြောရတယ်ခက်တာပဲဟု
ညည်းတွားလာခဲ့ကြတာကို အချိန်အတော်ကြာက ကြားခဲ့ ဖူးတာပါ။ အခုခေတ်တော့
ပိုဆိုးတာပေါ့။ နောက်နောင်ခေတ်တွေမှာလဲ ရှိဦးမှာပါပဲ။ ဒါတွေကဘာကိုပြသလဲ
ဆိုရင် ခေတ်ကာလရေစီးကြောင်းကိုလိုက်ပြီး
ရုပ်ဝတ္တုပစ္စည်းတွေ ထူးထွေဆန်းပြားလာတာနဲ့အမျှ လူတွေရဲ့ အပြုအမူတွေကလည်း
ပြောင်းလဲလာတာဖြစ်ပါတယ်။ ဒါနဲ့ပဲ ခေတ်ရဲ့ထူးထွေဆန်းပြားလာတဲ့
ရုပ်ဝတ္တုပစ္စည်း တွေရဲ့နောက်ကို မလိုက်နိုင်တော့တဲ့
သက်ကြီးပိုင်းလူကြီးသူမများဟာ သူတို့အမြင်မှာအကျွမ်းမ၀င်တာနဲ့ သူတို့ခေတ်ကအမြင်နဲ့ပြောလို့မရတော့
ခေတ်ကာလလူငယ်တွေ ပြောရတယ်ခက်တာပဲလို့ ညည်းကြတာ ဖြစ်ပါတယ်။ ဒို့များ
သက်ကြီးပိုင်းရောက်လို့ လူကြီးတွေဖြစ်လာတဲ့အခါမှာလဲ
အဲဒီအခါပေါ်ပေါက်လာမယ့် ထူးထွေဆန်းပြားတဲ့ ရုပ်ဝတ္တုပစ္စည်းတွေရဲ့နောက်ကို မလိုက်နိုင်တော့ရင် အဲဒီအခါပြုမူလာကြမယ့် လူငယ် တွေရဲ့အပြုအမူအပေါ် မလွဲမသွေညည်းတွားကြမှာပါပဲ။
ခေတ်ကာလအလျောက်ဝတ်စားဆင်ယင်မှု အထိုက်အလျောက်ပြောင်းလဲသွားတာကိုတော့
အပြစ်မဆိုပါ ဘူး။ အ၀တ်အစားဆိုတာက သဘောတရားအရ အရှက်ကိုဖုံးကွယ်ဖို့ပါ။
ဘယ်လောက်ပဲဆန်းပြားပါစေ အရှက်တော့လုံဖို့လိုတာပေါ့။ အရှက်မလုံရင်
ဟိရီဆိုတဲ့လောကပါလတရားဆိတ်သုဉ်းပြီး သူမို့ဒီလိုဖော် ၀တ်ရဲတယ်ဆိုပြီး လူတကာတွေပြောကြတာမို့ အကြောက်တရားပါကင်းမဲ့သွားတတ်ပါတယ်။ အဲဒီအခါ ဟိရီနဲ့သြတ္တပ္ပဆိုတဲ့ လောကပါတရားနှစ်ပါးလုံးကင်းမဲ့သွားပါတော့တယ်။
အ၀တ်အစားတွေနဲ့ ရုပ်ဝတ္တုပစ္စည်းတွေကြောင့် လူတွေရဲ့စိတ်ကူးစိတ်သန်းတွေဟာ
ခေတ်ရဲ့နောက်ကို ဘယ်လောက်ပဲ မျောပါနေပါစေ၊ ကိုယ်ကျင့်သိက္ခာနဲ့စာရိတ္တတော့
မယိမ်းမယိုင်တည့်မတ်ခိုင်မာနေဘို့ အထူးလိုအပ်ပါတယ်။ ခေတ်ကဆေးလိပ်ကလေး လက်ကြားညှပ်ထားမှခေတ်မီတယ်ထင်ပြီး
ဆေးလိပ် စွဲတာမျိုးကနေ ဘိန်းစွဲဆေးစွဲ စာရိတ္တပျက်ပြားတာဟာ မဖြစ်သင့်ပါဘူး။
လူကြီးသူမတွေရှေ့  ခေါင်းငုံ့ သွားတာ၊ အရိုအသေပေးတာ၊
သံဃာတော်တွေကိုဦးညွတ်တာတွေဟာ ခေတ်တုံးတုံးလူတွေရဲ့ အတွေး
အခေါ်တွေပါလို့လဲ မယူဆအပ်ပါဘူး။ နိုင်ငံခြားမှာနေ၊
နိုင်ငံခြားမှာကြီးပြင်းပြီး နိုင်ငံခြားယဉ်ကျေးမှုတွေ ကြားမှာ
သွားလာလှုပ်ရှားနေကြတဲ့ မြန်မာလူငယ်များဟာ ဒါတွေကိုအထူးသတိချပ်သင့်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပတ်ဝန်းကျင် သူတို့အသိုင်းအ၀ိုင်းက မိဘဆိုတာကိုယ့်ကိုမွေးထားပေးတဲ့
လူတွေလောက်ပဲသဘောထားကြပြီး အနန္တကျေးဇူးရှင်ဖြစ်တယ်ဆိုတာ သူတို့မိဘတွေကလဲ
ဆိုဆုံးမထား တာမရှိသလို သူတို့ပညာသင်ကြားခဲ့တဲ့ကျောင်းတွေကလဲ
ဒါတွေပြောပြမထားကြပါဘူး။ မိဘကိုတောင်မှ ဒီလိုသဘောထားရင်
တခြာလူကြီးသူမတွေကို ဘယ်လိုသဘောထားသလဲဆိုတာ ထည့်တွက်စရာတောင်
မလိုတော့ပါဘူး။
အနောက်နိုင်ငံယဉ်ကျေးမှုမှာ လူငယ်တွေကိုပိုဦးစားပေးပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ လူကြီးတွေက အကျပိုင်းဖြစ်လို့ လူငယ်တွေလောက်ခိုင်းစားလို့မရတော့လို့ပါပဲ။ အလုပ်လုပ်နိုင်တဲ့လူငယ်တွေကို
အလုပ်ခိုင်း စားပြီး အဲဒီကအခွန်အခတွေများများရလို့
လူငယ်တွေကိုဦးစားပေးတာပါ။ လူကြီးတွေက အကျပိုင်းဖြစ်တော့ လူငယ်တွေလို
အလုပ်များများမလုပ်နိုင်တော့ဘူး။ ဒါနဲ့ အခွန်အတုပ်နည်းနည်းပဲရတယ်။ နည်းတဲ့အပြင် ပင်စာစားအရွယ်ရောက်ရင် သူတို့ကိုထောက်ပံ့ရတော့မှာဖြစ်လို့ လူကြီးတွေကိုနေရာပေးခြင်းဦးစားပေးခြင်း မရှိတော့ပါ။ ဒီလိုအတွေးအခေါ် ဒီလိုယဉ်ကျေးမှုတွေကြား ကြီးပြင်းလာကြတဲ့မြန်မာလူငယ်တွေအနေနဲ့ သူတို့ရဲ့အသိအမြင်ထဲမှာ ဒီအတွေးအခေါ်တွေအမြစ်တွယ်မသွားစေဖို့
အရေးကြီးပါတယ်။ ဒါတွေအမြစ်တွယ် ပြီးဒီအတိုင်းသာ ပြုမူသွားကြမယ်ဆိုရင်
မိဘတွေကို လူရှေ့ သူရှေ့ တွေမှာလဲ မရှက်မကြောက် စိတ်ရှိတိုင်း
ဆဲဆိုကြိမ်းမောင်းတာမျိုးဖြစ်ပြီး လောကပါလတရား ဆိတ်သုဉ်းသွားတော့မှာဖြစ်ပါတယ်။
အခုခေတ်ဟာ လွတ်လတ်မှုကိုအသားပေးတဲ့ခေတ်ဖြစ်လို့ တချို့ လူငယ်တွေဟာ လွတ်လပ်မှုဆိုတာကို တလွဲဆံပင်ကောင်းအဓိပ္ပါယ်ဖော်ပြီး တလွဲတွေလျှောက်လုပ်နေတာတွေကိုလဲ တွေ့ ရပါတယ်။ စိတ်လွတ် ကိုယ်လွတ်လုပ်ရမှ လွတ်လပ်မှုလို့ သူတို့ထင်နေကြတယ်။ အဲဒီလိုစိတ်လွတ်ကိုယ်လွတ်လုပ်လိုက်လို့
ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဟာ သူနဲ့သူ့မိသားစု သူ့ပတ်ဝန်းကျင်အားလုံးကို
ထိခိုက်သွားတာကိုတော့ သတိမမူတတ်ကြပါဘူး။ သတိမူသည့်တိုင်အောင်
ဒါဟာသူ့ရဲ့လွတ်လပ်မှုပဲရယ်လို့ မိုက်မိုက်ကန်းကန်း ဆင်ခြေပေးတတ်ကြပါတယ်။
တလောက ဂျာမန်တယ်လီဗေးရှင်းရုပ်သံလိုင်းတခုမှာ မြန်မာပြည်ကလမ်းသရဲ ဂီတသမားတွေအကြောင်း ပြသွားတာကိုကြည့်လိုက်ရပါတယ်။
မြန်မာပန့်(ခ်)ဂီတအဖွဲ့ အကြောင်းပါ။ ပန့်(ခ်)၊ အင်္ဂလိပ်လို punk ဆိုတာ
၁၉၇၀ ခုနှစ်လောက်က လမ်းပေါ်ကလူငယ်တွေရဲ့စရိုက် လက္ခဏာတွေကိုဖော်ကျူးထားတဲ့
သီချင်းကိုဆိုတဲ့ လမ်းသရဲဂီတသမားတွေဖြစ်ပါတယ်။ စိတ်လွတ်ကိုယ်လွတ်
စိတ်ထဲရှိတဲ့အတိုင်း ကြမ်းကြမ်းရမ်းရမ်း ဖရုသ၀ါစာစကားလုံးတွေနဲ့
စပ်ထားတာများပါတယ်။ ၀တ်စားထားတာတွေကလဲ ဘယ်သူနဲ့မှမတူအောင်
ဗရုတ်သုတ်ခပုံစံဝတ်စားထားပြီး ခေါင်းကဆံပင်ကိုလဲ လူ့ဆံပင်နဲ့မတူအောင် မြေကွက်ပေါ်မှာ ပုလင်းကွဲတွေ စိုက်ထားတဲ့ပုံသဏ္ဍာန်မျိုး ထိုးထိုးထောင်ထောင်လုပ်ထားတာကိုတွေ
့ရပါတယ်။ အနောက်နိုင်ငံတွေမှာ ဟိုတုံးကခေတ်စားခဲ့တဲ့
လမ်းသရဲပုံမျိုးပါ။ အခုတော့ အဲဒါမျိုးခပ်ရှားရှားပါပဲ။
ဒီလိုအနောက်နိုင်ငံတွေမှာ တောင် ခပ်ရှားရှားဖြစ်နေတဲ့ပုံသဏ္ဍာန်ကို ရွှေမြန်မာတွေက မြန်မာပြည်မှာ ပြန်လည်ထွန်းကားအောင် လုပ်နေတာ အံ့သြစရာပါပဲ။
တယ်လီဗေးရှင်းမှာပြတော့ သူတို့အဖွဲ့ က လူသိပ်များပုံတော့မပေါ်ဘူး။
အင်တာဗျူးကစကားတွေ နားထောင်ကြည့်တော့ သူတို့စိတ်ထဲခံစားရတာကို
လွတ်လွတ်လပ်လပ် ပြောချင်တယ်၊ လွတ်လွတ်လပ် လပ်လုပ်ခြင်တယ်ဆိုတာချည်းပဲ
ပြောနေကြတယ်။ ဖရုသ၀ါစာတွေလဲပါတယ်။ ရိုက်ချင်တာရိုက်မယ်၊ ခွဲချင်တာခွဲမယ်
စည်းလွတ်ဝါးလွတ် ပြောနေတာကိုမြင်ရ ကြားရတော့ အတော်လေးစိတ်မသက်မသာ
ဖြစ်ရတယ်။ သူတို့ရဲ့သီချင်းတပုဒ် ဖော်ကျူးထားတာကိုပြတော့
ထိုးထိုးထောင်ထောင် ဆံပင်တွေနဲ့လူငယ် တယောက်က ဒေါသတကြီးနဲ့
တယ်လီဗေးရှင်းတလုံး ရိုက်ခွဲနေတဲ့ပုံနဲ့ဖော်ကျူးထားတယ်။ စိတ်ထဲမှာတော့ အော်... ဒါဟာဂီတလားပေါ့။
အင်္ဂလိပ်လို aggressive လို့ခေါ်တဲ့ ကြမ်းမယ့်ရမ်းမယ့် စရိုက်သဏ္ဍာန်ကို
မြန်မာပြည်မှာမပြောနဲ့ ဘယ်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကမှ
တန်ဘိုးမထားကြပါဘူး။ စိတ်လွတ်ကိုယ်လွတ် ကြမ်းရမ်းတယ်ဆိုတာ
လွတ်လပ်မှုမဟုတ်ပါဘူး။ စည်းလွတ်ဝါးလွတ်ဖြစ်တာပါ။
ဆင်ခြင်တုံတရားကင်းမဲ့တာလဲဖြစ်ပါတယ်။
ဒီလိုစရိုက်လက္ခဏာတွေကို ဂီတသမားတွေမဖော်ကျူးသင့်ပါဘူး။
ဒီလိုဖော်ကျူးခြင်းဖြင့် တခြားလူငယ်တွေ လဲ စည်းလွတ်ဝါးလွတ်ဖြစ်ပြီး
လူ့ဘောင်အဖွဲ့အစည်းကို ထိခိုက်လာနိုင်ပါတယ်။ လောကပါလတရား
ဆိတ်သုဉ်းသွားနိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရား
မဆိတ်သုဉ်းသွားစေဖို့ ဒါမျိုးကို ဘယ်သူမှ အားမပေးသင့်ဘူးလို့ထင်ပါတယ်။
လောကပါလတရား ထွန်းကားနိုင်စေဖို့ပါ
lupyantaw.blogspot.com
No comments:
Post a Comment