Friday, 31 January 2014

“စိတ္တသူကြွယ် ဝတ္ထု”


မြတ်စွာဘုရား လက်ထက်တော်တုန်းက သာဝတ္ထိမြို့နဲ့ မိုင်ပေါင်း သုံးရာကျော် ဝေးတဲ့ မစ္ဆိကာသဏ္ဌမြို့လေး တခုမှာ ‘စိတ္တ’ အမည်ရတဲ့ သူကြွယ်တယောက် ရှိပါတယ်။ ပဉ္စဝဂ္ဂီ ငါးပါးထဲမှာ ပါဝင်တဲ့ မဟာနာမ (မဟာနာမ်) ထေရ်ရဲ့ တပည့်ရင်းပါ။ မဟာနာမ်မထေရ်ထံမှ တရားနာယူ ရလို့ သောတာပန် တည်ခဲ့တဲ့ သူကြွယ် ဖြစ်ပါတယ်။ သောတာပန် တည်ပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းကြီးကြီး ဆောက်လှူထားတဲ့ ကျောင်းဒကာကြီးလည်း ဖြစ်ပါတယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန် အဂ္ဂသာဝက နှစ်ပါး အဲဒီ မြို့လေးကို ကြွလာတဲ့အခိုက် ရှင်သာရိပုတ္တရာထံမှ တရားနာရလို့ အနာဂါမ် တည်ခဲ့ပါတယ်။ အနာဂါမ် ကျောင်းဒကာကြီးပေါ့။

တနေ့မှာ စိတ္တသူကြွယ်ဟာ “ငါဟာ ဘုရားမဖူးရသေးခင် သောတာပန် တည်ခဲ့တယ်။ နောက်ထပ် တခါ အနာဂါမ် တည်ခဲ့ပြန်တယ်။ မြတ်စွာဘုရားထံ ဘုရားဖူးသွားမှ သင့်တော်မယ်” ဆိုပြီး ဘုရားဖူးချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် လူသုံးထောင်စာ အတွက် စားနပ်ရိက္ခာ အပြည့်အစုံတင်ပြီး လှည်းငါးရာနဲ့ ခရီးထွက်ခဲ့ပါတယ်။ ရဟန်းအမျိုးသားက ငါးရာ၊ ရဟန်းအမျိုးသမီးက ငါးရာ၊ ဒါယကာ ငါးရာ၊ ဒါယိကာမ ငါးရာ၊ တပည့်များက ငါးရာ၊ တပည့်မများက ငါးရာ။ အားလုံး ဘုရားဖူးပရိသတ် သုံးထောင်နဲ့ ခရီးထွက်ခဲ့ပါတယ်။ စိတ္တသူကြွယ်ရဲ့ ဘုန်းကံကြောင့် နတ်ဒေဝါတွေဟာ ဆယ်မိုင် ခရီးတထောက်ခန့်မှာ သစ်ခက်မဏ္ဍပ်တွေ ဆောက်ပြီး စားဖွယ်သောက်ဖွယ်တွေနဲ့ ကြိုဆို ဧည့်ခံခဲ့ကြပါတယ်။ ရဟန်းရှင်လူ သုံးထောင်ကျော်ဟာ နတ်သြဇာတွေ စားသုံးရလို့ တဦးတယောက်မှ အာဟာရ အတွက် မကြောင့်ကြခဲ့ရပါဘူး။ ဒီလိုနဲ့ တရက်ကို ဆယ်မိုင်ကျော် ခရီးထွက်ခဲ့တာ ရက်ပေါင်း သုံးဆယ်မှာ အကြိမ်ပေါင်း သုံးဆယ် နတ်သြဇာတွေ စားသောက်ခဲ့ရလို့ ပါလာတဲ့ စားနပ်ရိက္ခာတွေကို လက်နဲ့တောင် ထိကြည့်ခွင့် မရခဲ့ကြဘူးတဲ့။ လှည်းငါးရာနဲ့ ပြည့်ပြည့်နေလို့ အရာတောင် မယွန်းခဲ့ကြပါဘူးတဲ့။ ခရီးတလျှောက်လုံးမှာ နတ်တွေ လူတွေ ဆက်သတဲ့ လက်ဆောင်ပဏ္ဏာတွေကို တဆင့် ပြန်လည် ပေးကမ်း စွန့်ကြဲ လှူဒါန်းနိုင်ခဲ့ပါသတဲ့။

စိတ္တသူကြွယ် ဇေတဝန် ကျောင်းတော် မရောက်ခင်မှာ မြတ်စွာဘုရားက ရှင်အာနန္ဒာကို “ချစ်သား အာနန္ဒာ – ယနေ့ ညနေချမ်းမှာ စိတ္တသူကြွယ် ဘုရားဖူးလာလိမ့်မယ်။ အဲဒီအခါမှာ မဖြစ်ဖူးမြဲ ထူးကဲ ဆန်းကြယ်တဲ့ အံ့ဖွယ် တန်ခိုး ပြာဋိဟာတွေ ဖြစ်ပေါ်လိမ့်မယ်” လို့ မိန့်တော်မူပါတယ်။ ဒီသတင်းစကားဟာ သာဝတ္ထိ တမြို့လုံးကို ပျံ့နှံ့သွားပြီး မြို့သူ မြို့သားတွေဟာ ကောင်းမှု ဘုန်းကံနဲ့ ပြည့်စုံတဲ့ စိတ္တသူကြွယ်ကို ဖူးတွေ့ချင်လွန်းလို့ လက်ဆောင်ပဏ္ဏာ ကိုယ်စီ ယူလာပြီး စောင့်ကြိုနေကြပါတယ်။ ခုခေတ် ခုအခါမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးကို ရဟန်းရှင်လူ ပြည်သူလူထု ကျောင်းသူ ကျောင်းသားပါ မကျန် လမ်းဘေးဝဲယာမှာ စီတန်း ကြိုဆို ဖူးမြော် ကြည်ညိုကြသလိုမျိုးနဲ့ ကြိတ်ကြိတ်တိုး ကြိုဆိုကြပါတယ်။ ပရိသတ်နှင့် အတူ စိတ္တသူကြွယ် ရောက်လာပြီး ရောင်ခြည်တော် ခြောက်သွယ်နဲ့ တင့်တယ်တော်မူတဲ့ မြတ်စွာဘုရားရဲ့ ခြေဖမျက်တော် အစုံကို ရိုသေစွာ လက်ဖြင့် ကိုင်ယူ ရှိခိုး ဦးချလိုက်ချိန်မှာ အဆင်းငါးမျိုးနဲ့ ပြည့်စုံတဲ့ နတ်ပန်းမိုးတွေ ရွာသွန်းချလိုက်တာ ပန်းပုံကြီးဟာ လူတွေရဲ့ ဒူးဆစ်အထိ ထူထပ်သွားပါတယ်။ ဇေတဝန်ကျောင်း တဝန်းလုံး ပန်းမွှေ့ရာ ပန်းကော်ဇောတွေ ခင်းထားသလို လှပ မွှေးကြိုင် တင့်တယ် သွားပါတယ်။ လာရောက် ဖူးမြင်တဲ့ ပရိသတ်ကြီးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်လိုက်တာ ဘဝဂ်ထိအောင် မြည်ဟီးသွားပါတယ်။ သာဓုခေါ်တဲ့ ပရိသတ်က ဘယ်လောက် များလည်း ဆိုရင် သာဓုခေါ်သံ သုံးကြိမ်ဟာ အကြိမ်တ်ထောင် ပဲ့တင်ထပ်နေပါသတဲ့။

ဒီလိုနဲ့ စိတ္တသူကြွယ်ဟာ တလလုံးလုံး ဘုရားအမှူး ရှိတဲ့ သံဃာတော်တွေကို အလှူကြီး ပေးလှူပါတယ်။ ပါလာတဲ့ ဒါယကာ ဒါယိကာမတွေ တပည့်တပန်းတွေကလည်း ဝေယျာဝေစ္စ ကုသိုလ်ယူရင်း သံဃာတော်တွေကို ပူဇော် လှူဒါန်းကြပါတယ်။ ဒီတလလုံးလုံး အလှူကြီး ပေးလှူတဲ့ လှူဖွယ်ဝတ္ထုတွေဟာ နတ်တွေ လူတွေ ဆက်သကြတဲ့ လက်ဆောင်ပစ္စည်းတွေသာ ဖြစ်ပါတယ်။ အိမ်ကနေ လှည်းငါးရာနဲ့ တင်ယူလာခဲ့တဲ့ လှူရန်ပစ္စည်းတွေကို လက်နဲ့တောင် တို့ထိ မကြည့်ရသေးပါဘူး။ ဒီအခါ စိတ္တသူကြွယ်က “မြတ်စွာဘုရား ဒီဇေတဝန် ကျောင်းတိုက်မှာ တပည့်တော်ဟာ တစ်နှစ်ပတ်လုံး နေပြီး အလှူလုပ်သော်လည်း လှူဖို့ ရည်ရွယ်ပြီး ယူလာတဲ့ ပစ္စည်းဝတ္ထုတွေကို လှူခွင့် ရတော့မှာ မဟုတ်ပါ။ လှည်းငါးရာနဲ့ ယူဆောင်လာတဲ့ လှူဖွယ် ပစ္စည်းတွေကို တ်နေရာမှာ စုပုံချထားပြီး လှူဒါန်းခဲ့ချင်ပါတယ်။ တပည့်တော်အား နေရာလပ် တခု ညွှန်ပြတော်မူပါ”လို့ လျှောက်ထားပါတယ်။ မြတ်စွာဘုရားက ရှင်အာနန္ဒာကို ညွှန်ပြခိုင်းတဲ့ နေရာလွတ် တခုမှာ လှူဖွယ်ဝတ္ထုများ စုပုံလှူထားပြီး စိတ္တသူကြွယ်ဟာ ပရိသတ် သုံးထောင်နဲ့ အတူ မစ္ဆိကာသဏ္ဍမြို့ကို ပြန်သွားခဲ့ပါတယ်။ စိတ္တသူကြွယ် ပြန်သွားတဲ့အခါ လှူရန်တွေ တင်ယူလာတဲ့ လှည်းတွေဟာ အခွန်တွေ အလွတ်တွေချည်း ဖြစ်နေလို့ နတ်တွေ လူတွေဟာ “ဒီလို ဘုန်းရှင် ကံရှင်မျိုး လှည်းအခွန်ကြီးတွေနဲ့ ပြန်သွားလို့ မသင့်တော်ဘူး” ဆိုပြီး လက်ဆောင်ပဏ္ဏာတွေ တင်လှူကြလို့ လှည်းငါးရာ ရတနာ ခုနစ်ပါးနဲ့ ပြည့်သွားပါသတဲ့။

စိတ္တသူကြွယ် ပြန်သွားတဲ့ အခါ ရှင်အာနန္ဒာက မြတ်စွာဘုရားအား အခုလို လျှောက်ထားပါတယ်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း။ ရှင်တော်မြတ်ဘုရားတို့၏ ထံတော်မှောက်သို့ လာရောက် ဆည်းကပ်သော်သာလျှင် စိတ္တသူကြွယ်အား ဤသို့သော လာဘ်ပူဇော် သက္ကာရသည် ဖြစ်ရပါသလော၊ သို့တည်းမဟုတ် တပါးသော အရပ်သို့ သွားရောက်သော်လည်း ဤသို့ သဘောရှိသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်နိုင်ပါသလော”

ထိုအခါ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ – ငါဘုရား၏ အထံသို့ လာသော်လည်းကောင်း၊ အရပ်တပါးသို့ သွားသော် လည်းကောင်း၊ ထိုသူကြွယ်အား ဤသို့ သဘောရှိသော ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း”

“ဤဥပါသကာ ဒါယကာကား ယုံကြည်ခြင်း သဒ္ဓါဂုဏ် ရှိ၏။ ကြည်ညိုခြင်း ပသန္နဂုဏ် ရှိ၏။ အပြည့်အစုံ သင်းထုံသော သီလဂုဏ် ရှိ၏၊ ဤသို့ သဘော ရှိသော ပုဂ္ဂိုလ်သည် အကြင် အကြင် အရပ်သို့ ချဉ်းကပ် သွားလာ၏။ ထိုထို အရပ်၌ပင် ထိုသူ့အား လာဘ်ပူဇော် သက္ကာရသည် ဖြစ်ပေါ်လာရ၏” လို့ မိန့်တော်မူပါတယ်။

ဆိုလိုရင်းကတော့ အနာဂါမ် အရိယာ ဖြစ်တဲ့ စိတ္တသူကြွယ်ဟာ မြတ်စွာဘုရား ထံတော်မှောက်သို့ လာသည်ဖြစ်စေ၊ တပါးသော အရပ်သို့ သွားသည်ဖြစ်စေ၊ ယုတ်စွအဆုံး ဟိမဝန္တာလို လူသူမနီးတဲ့ တောကြီးမျက်မည်းထဲသို့ သွားသည်ဖြစ်စေ၊ လူသူ အရောက်အပေါက် မရှိတဲ့ အာဖဂန် တောင်ကတုံးတွေလို နေရာမျိုးကို သွားသည်ဖြစ်စေ၊ လူတွေက နိမိတ်မရှိ၊ မင်္ဂလာ မရှိလို့ သတ်မှတ်ထားတဲ့ သူသေကောင်မြှုပ်ရာ သုသာန် တစပြင်သို့ သွားသည်ဖြစ်စေ၊ အခုလို မွန်မြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေ၊ ရတနာ ရွှေငွေတွေနဲ့ ပူဇော် ဆက်သခံရမှာ အမှန်ပဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အတိတ်ဘဝက ရှေးကောင်းမှုကံနဲ့ ပြည့်စုံလို့ ခုဘ၀မှာ သဒ္ဓါဂုဏ်၊ ပသန္နဂုဏ်၊ သီလဂုဏ်နဲ့ ပြည့်စုံလို့ပဲ ဖြစ်တယ်။

“အရိပ်ပမာ မခွဲခွာ”

ရှေးရှေးဘဝတွေမှာ ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေဟာ နွားခြေရာနောက်ကို နွားလှည်းဘီးက ထပ်ကြပ်မကွာ လိုက်သလို သတ္တဝါတွေကို နောက်ကနေ ထက်ကြပ်မကွာ လိုက်ပြီး နှိပ်စက်တတ်ပါတယ်။ ရှေးရှေးဘဝတွေတုန်းက လေ့လာ ဆည်းပူးခဲ့တဲ့ ကုသိုလ်ကံတွေကတော့ အရိပ်ပမာ မခွဲခွာဘဲ အမြဲတမ်း ကာကွယ် စောင့်ရှောက် ထောက်ပံ့ ကူညီနေပါတယ်။ စိတ္တသူကြွယ် ရောက်လေရာ အရပ်မှာ လာဘ်လာဘ ပေါများတာ၊ နတ်လူတွေရဲ့ ပူဇော်မှုကို ခံရတာတွေဟာ အတိတ်ကံကြောင့်ပါ၊ ဘုရားရှင်ကြောင့် မဟုတ်ပါဘူး။ ဘုရားထံ လာလို့ မဟုတ်ပါဘူး။ ဘုရားထံ မလာလည်း ပူဇော်ခံရမှာပါပဲ။ ယုတ်စွအဆုံး သုသာန်သွားလည်း ပူဇော်ခံရမယ့် ကံပါက ပူဇော်ခံရမှာပဲ ဖြစ်တယ်။

ဒါကြောင့် ကုသိုလ်ကံတွေဟာ မိတ်ဆွေထက် သစ္စာရှိသူတွေ ဖြစ်တယ်။ မိတ်ဆွေထက် ကျေးဇူးပြုတတ်သူ၊ မိတ်ဆွေထက် အလုပ်အကျွေး ပြုတတ်သူ၊ ချစ်သူထက် နွေးထွေး လုံခြုံစေသူ၊ ချစ်သူထက် ကြင်နာ ယုယတတ်သူတွေ ဖြစ်တယ်။ ကုသိုလ်ကံထက် ကောင်းသော မိတ်ဆွေ ကုသိုလ်ကံထက် ချစ်သော ချစ်သူဆိုတာ လောကမှာ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် မိတ်ဆွေရင်း မိတ်ဆွေစစ်၊ ချစ်သူရင်း ချစ်သူစစ်၊ မိတ်ဆွေကောင်း မိတ်ဆွေစစ်၊ ချစ်သူကောင်း ချစ်သူစစ်ဖြစ်တဲ့ ကုသိုလ်ကံတွေကို အသက်ထက်ဆုံး ဆည်းပူးကြရမယ်။ ဒါမှသာ သံသရာ အဆက်ဆက်မှာ မိတ်ဆွေကောင်း၊ ချစ်သူစစ်နဲ့ တွေ့ဆုံပြီး လူနတ်ချမ်းသာ ခံစားရမှာ ဖြစ်တယ်။

“စိတ္တသူကြွယ်ရဲ့ အတိတ်ဆုတောင်း”

စိတ္တသူကြွယ်ရဲ့ အတိတ်ကံကို ရှင်အာနန္ဒာက မေးလျှောက်တဲ့ အတွက် မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ ကဿပ မြတ်စွာဘုရား ပွင့်တော်မူစဉ် အခါတုန်းက မုဆိုးတယောက် ဖြစ်ခဲ့တယ်။ တနေ့ တောထဲမှာ တရားကျင့်နေတဲ့ ရဟန်းတပါးကို ကြည်ညိုသဒ္ဓါ ပွားမိသွားတယ်။ အဲဒီအချိန်မှာ တောင်ဝှမ်းထဲက လှိုဏ်ဂူထဲမှာ ရဟန်းတော်ဟာ တပါးတည်း ဧကစာရီ ကျင့်သုံးပြီး တရား အားထုတ်နေခြင်း ဖြစ်တယ်။ ဒါနဲ့ အိမ်ပြန်လာပြီး ဆွမ်း၊ ဆွမ်းဟင်းကို ကိုယ်တိုင် ချက်ပြုတ်ပြီး တရားကျင့်နေတဲ့ ရဟန်းတော်ကို လှူဖို့လည်း ပြင်ဆင်၊ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တွေကို ကိုယ်တိုင်လည်း ဆွမ်းလောင်း၊ တခြား အိမ်နီးချင်းတွေကိုလည်း ဆွမ်းလောင်းဖို့ ဆော်သြခဲ့တယ်။ သူကိုယ်တိုင် ချက်ပြုတ် စီမံထားတဲ့ ဆွမ်း၊ ဆွမ်းဟင်းတွေကို ထုပ်ပိုးပြီး တောထဲကို ပြန်လာခဲ့တယ်။ လမ်းခရီးမှာ အဆင်းမျိုးစုံနဲ့ လှပနေတဲ့၊ ရနံ့မျိုးစုံနဲ့ မွှေးကြိုင် သင်းပျံ့နေတဲ့ ပန်းမျိုးစုံကို ဆွတ်ခူး ယူဆောင်လာခဲ့တယ်။ တရားကျင့် ရဟန်းတော်ထံ ရောက်တဲ့အခါ ရဟန်းတော်ရဲ့ သပိတ်ထဲကို ဆွမ်းတွေ လောင်းထည့်လှူ၊ ပန်းမျိုးစုံနဲ့လည်း ရဟန်းတော် မထေရ်မြတ်ကို ပူဇော်ခဲ့တယ်။ အဲဒီလို လှူဒါန်း ပူဇော် အပြီးမှာ “ဘုရား တပည့်တော်၏ ပန်းပူဇော်ခြင်း နှင့်တကွ အရသာ ရှိလှသော ဤဆွမ်းသည် စိတ်ကို နှစ်သက်စေနိုင်ဘိ သကဲ့သို့ ဤအတူ ဖြစ်တိုင်း ဖြစ်တိုင်းသော ဌာန၌ လက်ဆောင် ပဏ္ဏာကာရ တထောင်မျှလောက်သည် ရောက်လာ၍ တပည့်တော်၏ စိတ်ကို နှစ်သက်စေလျက် ငါးပါးသော အဆင်း ရှိသော ပန်းမိုးရွာခြင်းဖြင့်လည်း ရွာပါစေသတည်း” လို့ စိတ္တသူကြွယ်လောင်း သားမုဆိုးက ဆုတောင်းခဲ့တယ်။

အဲဒီနောက် သားမုဆိုးဟာ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှု ပြုပြီး ကွယ်လွန်တဲ့အခါမှာ နတ်ပြည် ရောက်ရတယ်။ နတ်ပြည် ရောက်တဲ့အခါမှာလည်း ဒူးဆစ်လောက် ထူအောင် နတ်ပန်းမိုးတွေ ရွာသွန်းပြီး နတ်ဒေဝါတို့ရဲ့ ပူဇော်မှုကို ခံယူခဲ့ရတယ်။ ခုဘဝမှာလည်း စိတ္တသူကြွယ် ဖွားတဲ့နေ့၊ ဘုရားထံမှောက် ရောက်တဲ့နေ့တွေမှာ နတ်ပန်းမိုးတွေ ရွာဖြိုးခြင်း၊ နတ်လူတို့ရဲ့ လက်ဆောင်ပဏ္ဏာကို ခံယူရခြင်း၊ ရတနာ ခုနစ်ပါးဖြင့် ပူဇော်ခံရခြင်းတွေဟာ ကဿပ မြတ်စွာဘုရား လက်ထက်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးဆက်တွေ ဖြစ်တယ်တဲ့။

“အကျိုးရင်းနဲ့ အကျိုးဆက်”

တကယ်တော့ စိတ္တသူကြွယ် လှူခဲ့ရတဲ့ အလှူဒါနက ကြီးကြီးကျယ်ကျယ် မဟုတ်လှပါဘူး။ ဆွမ်းတနပ်နဲ့ ပန်းတဆုပ်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးပေးတဲ့ အခါမှာတော့ ညောင်စေ့ကလေးကနေ ညောင်ပင်ကြီး ပေါက်သလိုပါပဲ။ အံ့သြ လောက်အောင်ကို အကျိုးပေးတာပါ။ အဲဒါကတော့ အလှူခံပုဂ္ဂိုလ် ဖြစ်တဲ့ မထေရ်မြတ်ကလည်း စင်ကြယ်။ အလှူပေး ပုဂ္ဂိုလ်ကလည်း စေတနာ သဒ္ဓါတရား အလွန်ကောင်း၊ လှူဖွယ်ဝတ္ထုကလည်း မွန်မြတ်ပြီး၊ လိုချင်တဲ့ဆုကို တိုက်ရိုက် ဆုတောင်းခဲ့လို့ ဖြစ်ပါတယ်။

ဆွမ်းတနပ်နဲ့ ပန်းတဆုပ် လှူခဲ့ရတဲ့ ကုသိုလ်၊ အသက်ထက်ဆုံး ကောင်းမှုကုသိုလ်ကိုသာ ဆည်းပူးခဲ့တဲ့ ကုသိုလ်တွေကြောင့် သားမုဆိုးဟာ နတ်ပြည် လားခဲ့ရတယ်။ နတ်ပြည် လားရခြင်း၊ နတ်ပြည်မှာ နတ်ပန်းမိုး ရွာခြင်းတွေဟာ မုဆိုးဘဝက ပြုခဲ့တဲ့ ဆွမ်းတနပ်နဲ့ ပန်းတဆုပ် ကုသိုလ်ရဲ့ အကျိုးရင်း ဖြစ်ပါတယ်။ ခုဘဝ လက်ခံ ရရှိတဲ့ ကံကောင်းခြင်း လက်ဆောင်တွေ၊ နတ်ပန်းမိုးတွေကတော့ မုဆိုးဘဝက ဆွမ်းတနပ် ပန်းတဆုပ် ကုသိုလ်ရဲ့ အကျိုးဖျား(အကျိုးဆက်) သာ ဖြစ်ပါတယ်။

ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကျိုးပေးပြီ ဆိုရင် တခုတည်း တဘဝတည်း တခါတည်း အကျိုးပေးတာ မဟုတ်ပါဘူး၊ အကျိုးရင်းနဲ့ အကျိုးဖျား (အကျိုးဆက်) ရယ်လို့ သီးခြားစီ အကျိုးပေးတတ်ပါတယ်။ မဟာကာလ ဥပါသကာလောင်းလျာ တောခေါင်းဘဝက ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံကြောင့် အဝီစိငရဲ ကျတာဟာ အကုသိုလ်ကံရဲ့ အကျိုးရင်း ဖြစ်တယ်။ “ဝဋ်မှာ အမြဲ ငရဲမှာ အပ” ဆိုတာလို ငရဲမှ ကင်းပ လွတ်မြောက်ပြန်တော့လည်း ဘဝတရာ တိတိမှာ အခုလို သူခိုး စွပ်စွဲပြီး ရိုက်သတ်ခံခဲ့ရတာတွေဟာ အကုသိုလ်ကံရဲ့ အကျိုးဖျား (အကျိုးဆက်) တွေ ဖြစ်ပါတယ်။

“ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ” “ကံမရှိ ဉာဏ်ရှိတိုင်း မွဲ” စတဲ့ စကားပုံတွေဟာ အကုသိုလ်ကံရဲ့ အကျိုးဆက်တွေကို သရုပ်ဖော်နေတဲ့ စကားပုံတွေပဲ ဖြစ်တယ်။ “နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်” “လက်ညှိုးညွှန်ရာ ရေဖြစ်” “ဆေးစက်ကျရာ အရုပ်ထင်” “ရာဇပလ္လင် ဖင်ကပ်ပါလာသူ” “ဘုန်းနှင့်ကံနှင့် ရွှေသဇင်” စတဲ့ စကားပုံတွေဟာ ဘုန်းရှင်ကံရှင် ကံထူးရှင်တွေရဲ့ အတိတ်ဘဝက ကုသိုလ်ကံ အကျိုးဆက်တွေကို ဖော်ပြနေခြင်း ဖြစ်တယ်။ တကယ်တော့ ကံတွေဟာ ကြောက်စရာလည်း ကောင်းပါတယ်။ ခင်စရာလည်း ကောင်းပါတယ်။ မုန်းစရာလည်း ကောင်းပါတယ်။ ချစ်စရာလည်း ကောင်းပါတယ်။ ရန်သူ့ထက် ရက်စက်တော့လည်း သူပဲ။ မိတ်ဆွေထက် ကြင်နာတော့လည်း သူပဲ။ မုန်းသူထက် ဆိုးပြန်တော့လည်း သူပဲ။ ချစ်သူထက် ကောင်းပြန်တော့လည်း သူပဲ။ တိရစ္ဆာန်ထက် ယုတ်မာ ကောက်ကျစ်တော့လည်း သူပဲ။ လူတွေထက် ရိုးသား ဖြူစင်တော့လည်း သူပဲ။ ဒီကံတွေကို လူတွေက ဖန်တီးခဲ့တယ်။ ဒီကံတွေ ဖန်တီးအောင် လူတွေကို စိတ်က လွှမ်းမိုးခဲ့တယ်။ စိတ်က ကံကို မွေးဖွားပြီး၊ ကံက အကောင်း အဆိုးတွေကို မွေးဖွားခဲ့တယ်။ ကံသာလျှင် မိတ်ဆွေ၊ ကံသာလျှင် ရန်သူ၊ ကံသာလျှင် ချစ်သူ၊ ကံသာလျှင် မုန်းသူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်မိတ်ဆွေ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်ရန်သူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်မုန်းသူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်ချစ်သူပဲ ဖြစ်တယ်။

ဒါကြောင့် မုန်းသူထက် ယုတ်မာပြီး၊ ရန်သူထက် ရက်စက်တတ်တဲ့ အကုသိုလ်ကံတွေကို ရှောင်ရှားပြီး၊ ချစ်သူထက် ယုယပြီး၊ မိတ်ဆွေထက် ကောင်းကျိုးပြုတတ်တဲ့ ကုသိုလ်ကံတွေကို အသက်ထက်ဆုံး ဆည်းပူးကြရမယ်။ စိတ်ယုတ်မာတွေကို ဖယ်ရှားပြီး၊ စိတ်ကောင်း စိတ်မြတ်တွေ မွေးမြူကြရမယ်။ ဒါမှသာ သံသရာ တလျှောက်မှာ ခါးသီးတဲ့ လောကဓံမျိုးနဲ့ မကြုံဆုံရတော့ဘဲ၊ ဘဝ စည်းစိမ်တွေကို ချိုမြိန်စွာ ခံစားရမှာ ဖြစ်တယ်။

“ရောက်လေရာ အရပ်မှာ ပူဇော်ခံရသူ”

စိတ္တသူကြွယ်နဲ့ ပတ်သက်လို့ ရှင်အာနန္ဒာကို မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတပုဒ် ရှိပါတယ်။

သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂ သမပ္ပိတော။

ယံယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။

သဒ္ဓါတရားရှိသော၊ သီလနှင့် ပြည့်စုံသောသူသည်၊ ကျော်ဇောသတင်း ရှိသည် ဖြစ်၍၊ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံသည် ဖြစ်၍၊ အကြင်အကြင် အရပ်သို့ ချဉ်းကပ် သွားလာ၏။ ထိုထို အရပ်၌သာလျှင်၊ ပူဇော်အပ်သည် ဖြစ်၏။ ( စိတ္တဂဟပတိ ဝတ္ထု။ ဓမ္မပဒ၊ ၃၀၂)

သဒ္ဓေါ = လောကီ သဒ္ဓါတရား၊ လောကုတ္တရာ သဒ္ဓါတရားနဲ့ ပြည့်စုံမယ်။

သီလ = လူ့သီလ (သို့) ရဟန်းသီလနဲ့ ပြည့်စုံမယ်။

ယသ = အနာထပိဏ် ဝိသာခါတို့လို အခြွေအရံတွေနဲ့ ပြည့်စုံမယ်။

ဘောဂ = စိန် – ရွှေ – ငွေ စတဲ့ လောကီရတနာ ဥစ္စာတွေ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတပ္ပ ဆိုတဲ့ သူတော်ကောင်း ဥစ္စာတွေနဲ့ ပြည့်စုံမယ်ဆိုရင် ဘယ်အရပ်ကိုပဲ သွားသွား အပူဇော်ခံရမှာပါ။

(ဓမ္မဋ္ဌ၊ ၁။ ၃၃၂။ ဓမ္မဋ္ဌ၊ ၂။ ၂၈၉။)

စိတ္တသူကြွယ်ဟာ ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံလို့ ရောက်လေရာ အရပ်မှာ ပူဇော်ခံရသလို၊ အနာထပိဏ်တို့ ၀ိသာခါတို့ဟာလည်း ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံလို့ အပူဇော်ခံရတာပါပဲ။ တခြား ဘယ်သူမဆိုလည်း ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံရင် အပူဇော်ခံရမှာပါပဲ။

ခုတလော ဒကာမကြီးဟာ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဆိုင်ဖွင့်ပွဲ စတဲ့ အခမ်းအနားတွေမှာ အထူးတလည် ဖိတ် ကြားခံရတယ် ဆိုတာ ဒကာကြီး ပြောလို့ သိရပါတယ်။ စိတ္တသူကြွယ်တို့ အနာထပိဏ် ဝိသာခါတို့လို အပြည့်အစုံ မဟုတ်တောင်မှ သဒ္ဓါ၊ သီလ၊ ယသ၊ ဘောဂ ဆိုတဲ့ အပူဇော်ခံထိုက်တဲ့ ဂုဏ်ကျေးဇူးတွေနဲ့ အထိုက်အလျောက် ပြည့်စုံနေလို့ ဖိတ်ကြားခံရခြင်းပဲ ဖြစ်တယ်။ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ ရဟန်းဒကာ၊ ကျောင်းဒကာ၊ လူကြီး လူကောင်း အဖြစ် အများက အသိမှတ် ပြုလာခြင်း ဖြစ်တယ်။ ခေတ်က တောင်းဆိုပြီး ခေတ်က နေရာပေးလာတဲ့ ဓမ္မသူဌေး၊ ဓမ္မသူကြွယ်၊ ဓနသူဌေး၊ ဓနသူကြွယ် အဖြစ် ရဟန်းရှင်လူ လေးစားခံရခြင်း၊ နေရာရလာခြင်း ဖြစ်တယ်။

တချို့ဆို ကာယကံရှင် ကိုယ်တိုင်က တကူးတက တလေးတစားနဲ့ အထူးတလည် လာဖိတ်ကြတယ်လို့လည်း ကြားရတယ်။ ဒီလို အခွင့်အရေးမျိုး ဆိုတာ ကိုယ်က တမင်တကာ လုပ်ယူလို့ ရကောင်းတဲ့ အရာမျိုး မဟုတ်ဘူး၊ လောကကြီးက ချီးမြှင့်ပေးလို့ ကိုယ်နဲ့ ထိုက်တန်လို့သာ ရတဲ့ အခွင့်အရေးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် သာရေးနာရေး ဘာသာရေး လူမှုရေး အခမ်းအနားတွေကို အချိန်ပေးပြီး ကြွရမယ်။ ဒီလို ကြွရောက်ခြင်းဟာ ဘာသာရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ လူမှုရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ စီးပွားရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ ဘက်ပေါင်းစုံနဲ့ ညီညွတ်တဲ့ အကျိုးပြုလုပ်ငန်း တခု ဖြစ်တယ်။ အများကြီး အကျိုး ရှိတယ်။ ဒါကြောင့် ဒကာမကြီး အနေနဲ့ ပင်ပန်း နွမ်းနယ်တဲ့ ကြားထဲကနေ တာဝန်တရပ် အနေနဲ့ ဆောင်ရွက်သင့်တယ်။

လက်ဖွဲ့ရာမှာလည်း ဝတ္တရားအရ ထည့်ဝင်ခြင်း မဟုတ်ဘဲ၊ လှူတယ်၊ ပေးတယ်၊ စွန့်ကြဲတယ်၊ ထောက်ပံ့တယ်၊ ကူညီတယ် ဆိုတဲ့ သဘောမျိုးထားရမယ်။ အလှူလုပ်သလို စေတနာ ပြတ်သားစွာနဲ့ ပေးလှူရမယ်။ တကယ်တော့ အလှူပေးပုဂ္ဂိုလ်နဲ့ အလှူခံပုဂ္ဂိုလ်ရယ်လို့ ရှိရာမှာ အလှူခံပုဂ္ဂိုလ်က ပဓာန မကျဘဲ အလှူပေး ပုဂ္ဂိုလ်ကသာ ပဓာနကျပါတယ်။ ပေးလှူသူက စေတနာ ထက်သန်လေ၊ အကျိုးပေး ကောင်းလေ၊ စေတနာ ပြတ်သားလေ အကျိုးပေး ဖွံ့ဖြိုးလေ ဖြစ်ပါတယ်။

ဒါကြောင့် လူမှုရေး ကိစ္စပင် ဖြစ်သော်လည်း စေတနာထား လှူပါ။ စိတ်ထဲက လှူပြီးတိုင်းလည်း စိတ်ထဲကနေ လိုရာဆုကို တောင်းပါ။ ဒကာကြီး လွတ်မြောက်ရေးကို ရည်မှန်းပြီး ဆုတောင်းနိုင်သလို၊ နိဗ္ဗာန်အထိလည်း ရည်မှန်းပြီး ဆုတောင်းနိုင်ပါတယ်။



ဘုန်းဘုန်း

ဦးဝီရသူ (မစိုးရိမ်
— with Tin Tin Soe.
 
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
 

No comments:

Post a Comment