Friday, 31 January 2014
နတ်နဲ့ဖန်ဆင်းရှင်
ဆရာတော်အရှင်ဘုရား
လောကမှာ လေနတ်သား မီးနတ်သား မိုးနတ်သားဆိုတာ
ရှိပါသလား။ မိုးမရွာရခြင်းအကြောင်းတွေထဲမှာ နတ်တွေ
မေ့လျော့လျှင်လည်း မိုးမရွာဘူးလို့ကြားဖူးပါတယ်ဘုရား။
ကျမ်းဂန်မှာဘယ်လိုဆိုထားပါသလဲ။ ရေ လေ မီး မိုးဆိုတာ
ဓာတ်ကြီးလေးပါး အစုအဝေးပဲမဟုတ်ပါလားဘုရား။ ဓာတ်
လေးပါးအစုအဝေးဖြစ်တဲ့ ရေမြေတောတောင်ဆိုတာ ဖန်ဆင်း
ရှင်တို့ ဖန်ဆင်းအရာမဟုတ်ဘဲ နတ်တွေကမိုးကိုရွာစေတယ်ဆို
တာဟာ ဖန်ဆင်းတဲ့သဘောသက်ရောက်နေပါတယ်ဘုရား။
ဓာတ်လေးပါးဖောက်ပြန်သဖြင့် မိုးရွာခြင်း မရွာခြင်းဖြစ်ရတာ
မဟုတ်ပါလားဘုရား။ နတ်တွေနဲ့အဘယ်သို့သက်ဆိုင်ပါသလဲ။
နတ်တွေကဖန်ဆင်းတယ်ဆိုရင် မအိုခြင်း မနာခြင်းတွေကိုလည်း
နတ်တွေကဖန်ဆင်းနိုင်သလို ဖြစ်မနေဘူးလားဘုရား။
အမှားပါရင်ခွင့်လွှတ်ပါ အရှင်ဘုရား။
Skyperaung
မဟာသမယသုတ်မှာ ``အာပေါစ ဒေ၀ါ ပထ၀ီ၊ တေဇောဝါယော
တဒါဂမုံ = ထိုအခါ၌ အာပေါ(ရေ)နတ် ပထ၀ီ(မြေ)နတ် တေဇော
(မီး)နတ် ၀ါယော(လေ)နတ် တို့သည် (မြတ်စွာဘုရားထံသို့)
ရောက်လာကုန်၏´´``ထနယံ အာဂ ပဇ္ဇုန္နော = ပဇ္ဇုနတ်သည် မိုး
ထစ်ချုန်းစေလျက် (မြတ်စွာဘုရားထံ)လာရောက်၏။(ဒီ၊၂၊၂၀၉)´´
လို့ဆိုတယ်။အင်္ဂုတ္တရပါဠိအရ မိုးမရွာနိုင်တဲ့ အန္တရာယ်ငါးမျိုးရှိတယ်-
(၁) ကောင်းကင်မှာ တေဇောဓာတ်ဖောက်ပြန်လို့
(၂) ကောင်းကင်မှာဝါယောဓာတ်ဖောက်ပြန်လို့
(၃) ရာဟုအသူရိန်က မိုးရေကိုလက်ဝါးနဲ့ခံယူထားလို့
(၄) မိုးတိမ် ၀ဿဝလာဟက(အမည်ရတဲ့)နတ်တွေမေ့နေလို့
(၅) လူတွေတရားမစောင့်လို့(အံ ၂၊ ၂၁၂)
တစ်ခါကကောသလတိုင်းမှာအကြီးအကျယ်မိုးခေါင်တယ်။
သာဝတ္တိမြို့ရှိ ဇေတ၀န်ကျောင်းဘေးက ရေကန်ကြီးတောင်
ရေခန်းသွားတယ်။ အဲဒီအတွင်းတစ်နေ့မှာ ဗုဒ္ဓကမိုးမရွာရေ
ရှားမှန်းသိလျက် အရှင်အာနန္ဒာကို ရေချိုးဖို့ရေသနုတ်ကို ယူ
ခိုင်းတယ်။ အဲဒီတော့သိကြားမင်းမနေနိုင်တော့ဘဲ ၀လာဟက
(မိုး)နတ်သားကို မိုးရွာခိုင်းလိုက်တယ်။ မိုးနတ်သားလည်း တိမ်
ပုဆိုးကိုဝတ်ပြီး မိုးသီချင်းကိုသီဆိုရင်း အရှေ့လောကဓာတ်
ဆီသို့ ရှေ့ရှုပြေးလိုက်စဉ် ရေအိုးထဲကရေကိုသွန်ချလိုက်သလို
မိုးကြီးသည်းထန်စွာရွာချလို့ ကောသလတိုင်းတစ်ခုလုံး ရေလျှံ၊
ဇေတ၀န်ဘေးကရေကန်ကြီးလည်း ခဏချင်းရေပြည့်သွားတဲ့အခါ
ဗုဒ္ဓလည်းအဲဒီရေကန်မှာ ရေချိုးတော်မူတယ်။(ဇာ-ဋ္ဌ ၁၊ ၃၄၈)
ဖော်ပြပြီးသာဓကတွေအရ လေနတ် မီးနတ် မိုးနတ် ဆိုတာတွေကို
ဗုဒ္ဓကျမ်းဂန်မှာ အသိအမှတ်ပြုကြောင်းမှတ်သင့်ပါတယ်။ တန်ခိုး
စွမ်းရည် ဆယ်မျိုးရှိတယ် . . . အဓိဋ္ဌာနိဒ္ဓိ ( ဈာန်ရပုဂ္ဂိုလ်တွေ
အဓိဋ္ဌာန်ပြီးပြတဲ့တန်ခိုး၊ ဒီတန်ခိုးနဲ့ လနေကိုတောင် လက်နဲ့ထိကိုင်
နိုင်တယ်၊ ရှင်တော်ဗုဒ္ဓက ဆွေမျိုးတော်တွေကို ပေါက္ခရ၀ဿမိုး
ရွာပြတာဒီတန်ခိုးနဲ့) ကမ္မဇိဒ္ဓိ ( နတ်တွေနဲ့အချို့သော ၀ိနိပါတိက
အသူရာတွေလို ကံကြောင့်အလိုလိုရတဲ့တန်ခိုး)စသည် . .
(ဆယ်မျိုးအပြည့်အစုံကို ပဋိသမ္ဘိဒါမဂ္ဂပါဠိ ၃၈၅မှာရှုပါ)။
ကမ္မဇိဒ္ဓိနဲ့ လေတိုက်အောင်လုပ်နိုင်ရင် လေနတ်၊ ပူအောင်လုပ်နိုင်
ရင်မီးနတ်၊ မိုးရွာအောင်လုပ်နိုင်ရင်မိုးနတ်လို့ အကျမ်းဖြင်းဆိုနိုင်
မလား။
နတ်ဆိုတာ သုံးဆယ့်တစ်ဘုံကသတ္တ၀ါတစ်မျိုးဖြစ်လို့ အိုနာသေ
ရှိတယ်။ အိုခြင်းနာခြင်းဆိုတာတွေက ခန္ဓာငါးပါးရှိမှဖြစ်နိုင်တာ။
သူတို့ရဲ့တန်ခိုးတွေလည်းမတည်မြဲဘူး အကန့်အသတ်ရှိတယ်။
ဖန်ဆင်းရှင်ကတော့ မအိုမနာမသေဘဲ ထာဝရမြဲနေသူ။ အနန္တ
စကြာဝဠာကိုဖန်ဆင်းတဲ့သူ့ရဲ့တန်ခိုးတွေဘယ်ကရတယ်ဆိုတာ
မသိဘူး။ အဲဒီတော့နတ်တွေရဲ့လုပ်ပုံနဲ့လဲမတူနိုင်တော့ဘူး။
ဓာတ်လေးပါးဖောက်ပြန်လို့ မိုးရွာခြင်း မရွာခြင်းဖြစ်တယ်ဆိုရင်
နတ်တွေကမိမိတို့ရဲ့ မွေးရာပါ ကမ္မဇိဒ္ဓိနဲ့ အဲဒီဓာတ်လေးပါး
ဖောက်ပြန်အောင် မလုပ်နိုင်ဘူးလား။
အရှင်ကေလာသ
ဓမ္မအမေးအဖြေများ
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
လူငယ်များနဲ့ ဘာသာတရား…
ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ
အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့
လူငယ်များ အကြောင်း ဖတ်နေရင်း ဒီနေ့
ခေတ် လူငယ်များအကြောင်း အတွေးပေါင်းစုံ
ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား
ဆက်စပ်မှုရဲ့ မတူညီတဲ့ အကြောင်းလေးတွေကို
တွေးနေမိပြန်ပါတယ်။ ဘုရားလက်ထက်က အ
သက် (၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သော
တာပန်တည်သွား၊ အရိယာဖြစ်သွား၊
အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ
အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီ
လောကုတ္တရာ ကောင်းကျိုးတွေကို ရှာကာ ဘာသာ
တရားရဲ့ အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်
သွားခဲ့ကြတဲ့ လူငယ်များရဲ့ အခြေအနေနဲ့ ဒီနေ့ခေတ်
လူငယ်များရဲ့ဘာသာတရား အပေါ်အမြင်များ၊လူငယ်
များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့ ကွာဟမှုများရဲ့
အခြေအနေများကို ဘာရယ်မဟုတ် ချိန်ထိုးကြည့်မိ
ပြန်ပါတယ်။
လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်
များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ
ကြားနေမိပါတယ်။ မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံ
ပညာများတိုးတက်ထိုးကား လာနေသလို ရုပ်ပိုင်းဆိုင်
ရာ အပျော်အပါးများကလည်း အမျိုးမျိုး ရှိလာနေတဲ့
ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က တိုးတက်ရင် တစ်
ဘက်မှာ ဆုတ်ယုတ်တတ်တဲ့ သဘာဝအတိုင်း သိပ္ပံ
ပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများက သတ္တ၀ါ
တွေရဲ့ သန္တာန်မှာ သဒ္ဓါပညာတရားများ ယုတ်လျော့လာ
မှု လောဘဒေါသမောဟစတဲ့ ကိလေသာတရားများ
တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။ ဒီလို
သဒ္ဓါပညာယုတ်လျော့လာမှုနဲ့ ကိလေသာဖြစ်စရာ အာရုံ
များပြားလာမှုက လူငယ်များအတွက် ဘာသာတရားအ
ပေါ် အလေးမထားမှု၊ ဘာသာတရားအဆုံးအမများနဲ့
ဝေးသွားစေမှုကို ဖြစ်စေပါတယ်။
ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ်
အလေးမထားမှု၊ ဘာသာတရားနဲ့ ဝေးသွားမှုလောက်ပဲ
ဆိုရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပေမယ့် ဘာသာ
တရားအပေါ် အဆိုးမြင်လာမှုကတော့ ဒါဟာ သူတို့လေး
တွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ဆုတ်ယုတ်
စေမှုကို ဖြစ်စေနိုင်ပါတယ်။ လူငယ်တွေရဲ့ ဒီလို ဘာသာ
တရားအပေါ် အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများ
နဲ့ ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့
ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။
သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က
တစ်ခြားစီ ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထား
တဲ့ ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား
ယုတ်လျော့လာတဲ့ လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူ
တွေက ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်
လာတာကို တွေ့ရပြန်ပါတယ်။ သေချာတာကတော့ ဒီလို
အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊အထူးသဖြင့် ဗုဒ္ဓ
ဘာသာ တရားကြောင့် ဖြစ်တာမဟုတ်ဘူးဆို
တာ အသေအချာပဲ ဖြစ်ပါတယ်။
လူငယ်များနဲ့ အနေများတော့ လူငယ်တွေအကြောင်း သိ
လာတာတွေလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။
အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမ
များကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ
ပိုများလာပါတယ်။အများအားဖြင့် အမည်ခံ ဗုဒ္ဓဘာသာများ
ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ လူငယ်များဟာ အနှစ်သာရ
များထက် အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့
နေရပါတယ်။ အသောက်အစားအပျော်အပါးများနဲ့ ယုံကြည်မှု
သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ ယုတ်လျော့လာမှုများက ဘာသာ
တရား အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ
မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်
တိုင် မကျင့်နိုင်တာကို သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုး
မြင်တတ်ကြတဲ့ အပြင် ထားလိုက်ပါကွာ၊ ရပါတယ်ကွာဆိုတဲ့
စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက
ပိုဆိုးပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ်
စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး လုပ်တာကိုပဲ
တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်
နေတာ ဖြစ်ပါတယ်။
တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။ ကိုယ့်ကိုယ်
တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ
ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်
ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်
ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး မသောက်
စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို
စသဖြင့် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာ
တွေလည်း ကြားသိနေရပြန်ပါတယ်။
နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့ လွဲမှားမှုတွေ
ကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ ဘာသာတရား
လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ ဖြစ်လာတာလည်း ရှိ
တတ်ပါတယ်။ တစ်ချို့က ဘာသာတရား လိုက်စားပေမယ့်
ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ မလိုက်စား
မိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒ
အတိုင်း လိုက်လုပ်မိရာက ၀ါဒမှိုင်းမိပြီး တရားလည်းမရ
ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာ
တွေမှာ ပြောင်းလဲမှု မရှိတဲ့အပြင် ဘာသာရေးလုပ်ရင်း အပြော
ကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျ
တော့ ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ ဖြစ်
သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါ
တယ်။ အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း နည်းစနစ်
မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့် ၀ိပဿနာတရား
အားထုတ်တော့မယ်ဆိုရင် ဆရာကောင်း သမားကောင်းကို
အရင်ဆုံး ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါ
တယ်။
ဒါ့အပြင် အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစား
တာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေ
ကို ရှောင်ပြီး ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်
အချို့အတွက် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာ
တွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။
အသောက်အစား အပျော်အပါး ၀ါသနာများတဲ့ သူတွေနဲ့ အတူ
သွားအတူလာ မလုပ်နိုင်ဘဲ တစ်ယောက်တည်း အနေများလာ
တဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား လိုက်စားတဲ့သူ
တွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့ ဆိုလာတဲ့သူတွေ
ရှိသလို ဘာသာတရား အဆုံးအမအတိုင်း နေတတ်ကြတဲ့ သူ
တွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း တဖြည်းဖြည်း
တစ်ယောက်တည်း အထီးကျန်လာတာတွေ ဖြစ်လာတော့
အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာ
တယ်လို့ ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။
တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့ သူတွေအနေနဲ့
လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ ဖြစ်မလာတာတွေဟာ ဘာသာ
တရားကြောင့် မဟုတ်ပါဘူး။ ဘာသာတရား အဆုံးအမကြောင့်
မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ အပေါင်းအသင်းများ
တယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊ လူမှုရေး သိတတ်တယ်
ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့ သတ်မှတ်ကြတဲ့ အချက်တွေ
ကြောင့်ပဲ ဖြစ်ပါတယ်။ လူမှုရေးဆိုတာတွေကို အပျော်းအပါး
အသောက်အစားတွေ၊ ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့
အတွက် ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင်
တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်
လို ဖြစ်လာကာ ဘာသာတရားအတိုင်း နေထိုင်ကျင့်ကြံသူတွေ
နဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း ဖြစ်ပါတယ်။
ဒီလို သောက်မှစားမှ ပျော်မှပါးမှ လူမှုရေးအဆင်ပြေတယ်၊
လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့ လူမှုရေး အဆင်
မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါ
တယ်။
ကိလေသာအာရုံများမှာ လိုက်စားမှု အားကောင်းလာတဲ့ လူ
တွေများလာတဲ့ အခါဆိုတော့လည်း ဒါတွေရှောင်ကြတဲ့ သူ
အနည်းစုအတွက် အများလုပ်တဲ့အလုပ် မလုပ်တဲ့အခါ မလုပ်
တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့ သဘောပါပဲ။ ဘာသာတရား
ကြောင့် လူမှုရေးမှာ ထိခိုက်လာတာတော့ မဟုတ်ပါဘူး။
အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က သောတာပန်စတဲ့
အရိယာဘ၀နဲ့ လူမှုရေးရော သာရေးနာရေးတွေမှာရော အား
လုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ ဖြစ်
သွားကြတဲ့ သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်
လာပါတယ်။ အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊
အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါ
တယ်။
အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်း
အတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီး
များမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့
နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင်
လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့
အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံး
အမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံ
လိုက်နာနိုင်မယ်ဆိုရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့
သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့
လည်းဆိုတော့ တရားတော်ရဲ့ ဂုဏ်တော်ထဲမှာကိုက ဗုဒ္ဓရဲ့
ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ ဟောထားခြင်း၊
ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြင်း၊ ဝေဖန်ခံနိုင်ခြင်း၊ လုပ်နိုင်ရင်လုပ်နိုင်
တဲ့အလျောက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ၀ိသေသဂုဏ်
များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက
လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။ တစ်ချို့လူငယ်
တွေဆိုရင် ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး
ဝိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက် သူ
တို့ကိုယ်တိုင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာလေး
တွေ နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ အပြစ်
ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။
ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့ အသွင်အပြင်တွေက ကြည့်တဲ့
သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ တွေ့ရတတ်ပါတယ်။ ဒါဟာ
ငယ်ပေမယ့် ဘာသာတရား အဆုံးအမတိုင်း လက်တွေ့လိုက်နာ
ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊
အရွယ်မရွေး လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။
အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့
ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး ဘာသာတရားကြောင့်
ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘာအားနည်းတယ်၊ ညာအားနည်း
တယ်ဆိုတဲ့ ယူဆချက်တွေဟာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို
လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသ
ရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား အစစ်
အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့ အ
မြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။ ဆရာကောင်း
သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့ လက်တွေ့
လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ အချိန်မရွေး၊
အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာ
က ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။
ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား အထင်မှား အမြင်မှား
နေတာတွေဟာ ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊ တိုးပွား
လာတဲ့ ကိလေသာတရားများ၊ လွဲမှားနေတဲ့ လောကပညတ် သတ်
မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့ ကျင့်သုံးလိုက်နာမှုများ စတာ
စတာတွေကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက် သိမြင်ပြီး စစ်
မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက်
အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ ကျင့်ကြံနေထိုင်ရင်း လူ
ငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန်
သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လို
ကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်
ရပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ကြက်မွေးခြင်းနှင့်အကုသိုလ်အလုပ်
မေး။ ။ တပည့်တောာ်၏ အသိမိသားစုက ကြက်မွေးမြူရေး
လုပ်ပါတယ်ဘုရား။ တပည့်တော်က သူတစ်ပါးအသက်မမွေး
သင့်ကြောင်းပြောတာကို သူတို့က ကုသိုလ်များများလုပ်ရင်
ကြေတယ်လို့ ပြောပါတယ်ဘုရား။ တကယ်ပဲအကုန်ကြေနိုင်
လားဘုရား။ တပည့်တော်ကိုရှင်းပြပေးပါဘုရား။
ဖြေ။ ။ အေးပေါ့လေ။ လူ့ဘ၀ရောက်လာရင်တော့ ရဟန်းဘဝ
လောက်တော့ အပြစ်မကင်းနိုင်ဘူး။ အနည်းအကျဉ်းအပြစ်က
တော့ လူ့ဘ၀မှာရှိနိုင်တာပဲ။ ရဟန်းဘ၀လိုနေနိုင်ရင်တော့
ကောင်းတာပေါ့။ ရဟန်းဘ၀လိုမနေနိုင်သရွေ့လူ့ဘ၀မှာခံရ
တဲ့ မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေရှိတတ်ပါတယ်။ တကယ်
တော့ ကြက်မွေးမြူတယ်ဆိုတာ ကုသိုလ်လုပ်တာမဟုတ်ပါဘူး။
ဒါပေမဲ့စိတ်ကတော့အဓိကကျပါတယ်။ ဒီကြက်ကလေးတွေကို
အစာကျွေးတဲ့အခါမှာ စားစေချင်တဲ့စေတနာနဲ့ကျွေးရင် ကျွေးချိန်
မှာ ကုသိုလ်တော့ရသေးတာပဲ။ ရောင်းချိန်ကျမှ အကုသိုလ်ဖြစ်
ရင်ဖြစ်လိမ့်မယ်။ ဒါကြောင့်ဖြစ်နိုင်ရင်တော့ မမွေးနဲ့ပေါ့။ မမွေးလို့
မဖြစ်လို့မွေးရရင်လဲ အဲဒီကြက်ကလေးတွေကို အစာကျွေးချိန်မှာ
အလှူခံကိုကျွေးတဲ့သဘောမျိုးထားပြီးကျွေးစမ်းပါ။ ကျွေးချိန်မှာ
ကုသိုလ်ရတယ်။ ပြီးတော့အဲဒီအကုသိုလ်မျိုးက အပါယ်ကိုမဖြစ်
မနေချတဲ့ အကုသိုလ်မျိုးမဟုတ်ဘူး။``လဟုက´´လို့ခေါ်တဲ့
ပေါ့ပါးတဲ့ အကုသိုလ်လေးတွေပါ။ သာမာန်ကုသိုလ်လောက်နဲ့
ချေလို့ရပါတယ်။ တစ်ခုရှိတယ် သေခါနီးမှာ အဲဒီအကုသိုလ်ကို
သတိမရပါနဲ့။ ကုသိုလ်ကိုသာ သတိရရင် အပါယ်မကျပါဘူး။
အပါယ်လေးပါးကိုဧကန်မုချကျတဲ့ အကုသိုလ်က ငါးမျိုးပဲရှိတယ်။
အမေသတ်တဲ့အကုသိုလ်၊ အဖေသတ်တဲ့အကုသိုလ်၊ ရဟန္တာ
သတ်တဲ့အကုသိုလ်၊ ဘုရားရှင်ကိုသွေးစိမ်းတည်အောင်လုပ်တဲ့
အကုသိုလ် ( အမှန်တကယ်ကတော့ ဘုရားရှင်ကိုသတ်တာပဲ။
သတ်လို့မရလို့သွေးစိမ်းတည်အောင်လုပ်တယ်လို့ပြောတာပါ)
သံဃာသင်းခွဲတဲ့အကုသိုလ်၊ နောက်ထပ်တစ်ခုထပ်ထည့်ရင်တော့
ကုသိုလ်ဆိုတာမရှိ ကုသိုလ်အကျိုးဆိုတာမရှိ။ အကုသိုလ်ဆိုတာမရှိ၊
အကုသိုလ်အကျိုးဆိုတာမရှိဆိုတဲ့ မိစ္ဆာဒိဋ္ဌိအယူပေါ့။ အဲဒီအကုသိုလ်
ကံတွေလောက်ပဲ။ ဧကန်မုချသေရင် အပါယ်လေးပါးငရဲကိုဆွဲချပါတယ်။
ကျန်တဲ့အကုသိုလ်တွေကတော့ ဧကန်မုချဆွဲမချနိုင်ပါဘူး။ ဒါကြောင့်
သီဟိုဠ်ကျွန်းက ဒမိဠဆိုတဲ့တံငါသည်ကြီးနှစ်ပေါင်းများစွာငါးတွေသတ်
ဖြတ်၊ ရောင်းစားလာတာကြာပြီပေါ့။ သူငါးတွေသတ်လာတာ နှစ်ပေါင်း
၅၀လောက်ရှိပြီ။ အဲဒီတော့ငါးတွေဖမ်းသတ်တဲ့အကုသိုလ်က ကြက်
မွေးတဲ့အကုသိုလ်ထက်ပိုမကြီးဘူးလား...........ကြီးတာပေါ့။
ကြက်ကမွေးရတာကြာတယ်။ ပြီးမှရောင်းရတာလေ။ ကိုယ်တိုင်သတ်
ချင်မှလည်းသတ်တာလေ။ အဲဒီလိုနှစ်ပေါင်း၅၀လောက် ငါးတွေနေ့တိုင်း
သတ်နေတဲ့ ဒကာကြီးတောင် သေခါနီးကျတော့ ရဟန်းတစ်ပါးရောက်
လာပြီး သရဏဂုံဆောက်တည်ပေးတာ နတ်ပြည်ရောက်သွားတယ်.။
အဲဒါကြောင့် အဲဒီအကုသိုလ်လောက်ကတော့ မပြောပလောက်ပါဘူး။
သောတာပတ္တိမဂ်သာရမယ်ဆိုရင် ဘယ်တော့မှကိုအပါယ်မကျတော့ဘူး။
အဲဒီလိုလေးမှတ်ပါ။
မေတ္တာရှင်-ရွှေပြည်သာ
အလုပ်ပေးဝိပဿနာအမေးအဖြေများ
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓ
ဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊
ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ်
အသိုင်းအဝိုင်း တော်တော်များများကြားမှာ
ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံး
လုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါ
တယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူ
ပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရား
ကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆို
ကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်
တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွား
တဲ့ သဘောရှိပါတယ်။
ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်း
ပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်
က ပိုဆိုးပါတယ်။ ဒီလိုလုပ်နေကြတဲ့ သူတို့လုပ်ရပ်
တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့
သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူး
ဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီး
ကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်ကပိုပြီး
ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့
အချက်တစ်ခုပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊
တစ်ခြားတစ်ခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်း
အတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊
ဘယ်သူဋ္ဌေးအိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့
အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏ
ခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့အချိန်က
လည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေတာ များပါတယ်။
ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ်တယ်ဆိုတဲ့
သဘောသက်ရောက်နေပါတယ်။ မနက်အစောပိုင်းမှာ လုပ်တာ
တွေလည်း ရှိကြမှာပါ။ ဘယ်လိုအချိန်တွေပဲ လုပ်လုပ် လုပ်တဲ့
အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်များလည်း ကပ်လှူကြမှာ
အမှန်ပါပဲ။ ဒါဆိုရင် ညဖက်ကြီးမှာ၊ ဒါမှမဟုတ် အရုဏ်မတက်မီ
အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်
ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလ အချိန်ကြီး ဖြစ်နေတဲ့အ
တွက် အပ်စပ်မှုက မရှိပါဘူး။
ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို
နေရာချထားတာတွေလည်း ကြည့်ပါဦး လောကဓာတ် အစီအစဉ်
တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါတယ်။ သူတို့လောက
ဓာတ် ဆရာတွေ ဖန်တီးတဲ့ ဒီဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က
(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍
လည်းကောင်း
(၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူသား၊ တောင်အရပ် လက်ျာဘက်တွင်
လည်းကောင်းး
(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်
တွင်လည်းကောင်း
(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း
(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်
လည်းကောင်း
(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်
လည်းကောင်း
(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း
(၈) အရှင်ရေ၀တ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်
လည်းကောင်း
(၉) အရှင်ဂ၀မ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့် အရပ်တွင်
လည်းကောင်း ထားပြီး ပူဇော်ကြတဲ့ စနစ်ဖြစ်ပါတယ်။
ဒီလိုထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာတွေကို ကြည်ညိုလို့
ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေး
အတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့
ပုံစံဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ
မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဘုရားရဟန္တာ
တွေကို အသုံးချပြီး လုပ်စားတာကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်
ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ်
ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်
ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်
ရင် ပြီးတာပါပဲ။ ဒီလိုပူဇော်ဖို့ အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှု
တွေမှ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အတိုင်းပဲ မနက် အရုဏ်
တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန်အထိ အပ်စပ်တဲ့ လှူဖွယ်ဝတ္ထု
တွေ၊ အပ်စပ်တဲ့ အစားအသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့
ဂုဏ်ကိုအာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူပြီးသား ဘုရားရှင်များနဲ့
ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါ
တယ်။ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်
မှတ် ပူဇော်ဖို့မလိုပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေ
အောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းကသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်
ပါတယ်။
ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး
လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာမရောက်ဘဲ ကိုယ်ကိုး
ကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ်
ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက် သလို ဖြစ်နေပါတယ်။
တကယ်သာ အဲဒီလို လောကီအစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်
နေကြမယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလိုလုပ်နေကြတဲ့
ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်
ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲတွေထဲမှာ ဘုရားကိုးဆူပူဇော်
မှုဟာလည်း ဘာသာရေးကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထား
သလိုဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးကို
အချိန်မီပြုပြင်ပြီး ဘုရားရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ
သင့်လျောက်လောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ်တဲ့အချိန်မှာ ပူဇော်နိုင်
ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိ
ပြုဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။
မနာပဒါယီအရှင်ဝိစိတ္တ
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ
မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ
ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ
ဦးဆောင်ဒကာဒကာမတွေက သူတို့ကြုံ
တွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်း
ကို လျှောက်ထားကြပါတယ်။ သူတို့က
“အရှင်ဘုရား တပည့်တော်တို့အရပ်မှာ
တစ်ချို့က တပည့်တော်တို့ တရားပွဲသွား
ဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ
နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့
မရဘူး၊ ဝိပဿနာ တရားမှ နာလို့ရတယ်၊
သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို မရဘူး
ဆိုပြီး တရားနာဖို့ကို ငြင်းပယ်တတ်ကြပါတယ်
ဘုရား၊ တရားဆိုတာ ဘယ်တရားမှ နာကောင်း
တယ်၊ ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ
ရှိလို့လားဘုရား၊
ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူ
နေတဲ့ ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊
ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ ရှိလို့လားဘုရား” စသဖြင့်
မေးလျှောက်တတ်ကြပါတယ်။ သူတို့အမေးကို ဘုန်း
ဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့ ဒါမှဒါဆိုတဲ့
အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘာ
တရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ
ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့” စသဖြင့် နိဒါန်း
ချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။
ဒီလို အသံတွေကြောင့်လည်း လွဲနေတတ်တဲ့ အလွဲ
လေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ
ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်
များများမှာ အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲ
အားကြီးတဲ့ သူတွေကို မကြာခဏ ကြုံဖူးတတ်ပါ
တယ်။ တစ်ချို့ဆိုရင် တရားတော်တွေကို တော်
တော်လေးလည်း နားထားကြသလို၊ တော်တော်
လေးလည်း အားထုတ်ထားတဲ့သူတွေ ပါနေတာကို
တွေ့ရတတ်ပါတယ်။
ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း
အားထုတ်ထားတာတောင်မှ အစွဲမပြုတ်ဘဲ အလွဲ
လုပ်နေတယ်ဆိုတော့ သေချာတယ် ဒါဟာ တစ်ခုခု
တော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ တရားအလုပ်ဆိုတာ
က စစ်မှန်တဲ့ နည်းစနစ်နဲ့ စနစ်တကျ ကြိုးစားအား
ထုတ်မယ်ဆိုရင် မှန်ကန်တဲ့ အကျိုးသက်ရောက်မှုကို
ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့် အဲလိုဖြစ်မလာဘဲ
ဘယ်ပုဂ္ဂိုလ်ဟောမှ၊ ဘယ်လိုတရားမျိုးမှ ဆိုတာတွေ
ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော သဒ္ဓါနဲ့ ပညာ
ချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်ပါ
တယ်။
တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက အဲဒီ
ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ပညာ
တရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ
ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။
နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး
သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန်ကာ ဘယ်ပုဂ္ဂိုလ်မှ၊
ဘယ်လိုတရားမျိုးမှ၊ ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်
တော့တာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ သဘောကလည်း
စွဲမိပြီဆိုရင် အသက်အသေခံပြီး စွဲမိတတ်တာဆိုတော့ ရုန်း
မထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။
ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ ကျွတ်တမ်း
ဝင်တတ်တဲ့ သဘောမျိုး ရှိတတ်ပေမယ့် ပုဂ္ဂိုလ်ကို သိပ်ခင်
သွားတဲ့အခါ တရားလည်းမမြင် ကျွတ်တမ်းလည်း မဝင်ဘဲ
အလွဲဖြစ်ကုန်တဲ့ သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်
မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ အလွဲတွေနည်းစေကြောင်း
ဆိုခြင်းဖြစ်ပါတယ်။
အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ ကောင်း
စွာဟောကြားထားတဲ့ သွာက္ခတာ ဂုဏ်တော်တွေနဲ့ ပြည့်စုံ
နေတာတွေပဲ ဖြစ်တဲ့အတွက် ဘယ်တရားတော်ကတော့
ပေါ့တယ်၊ ဘယ်တရားတော်ကတော့ အနှစ်ရှိတယ်စတဲ့
သဘောမျိုးတွေ မရှိပါဘူး။ သေသေချာချာ သဒ္ဓါတရားနဲ့
နားကြားမယ်ဆိုရင် တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီး
သားပဲ ဖြစ်ပါတယ်။ ဒီတရားတော်တွေကို ဘုရားဟောက
သွေဖယ်ပြီးမဟောဘဲ အရှိအတိုင်း ပြန်ဟောတဲ့ တရား
ဟော ဆရာတော်တွေဆိုရင်လည်း ဘယ်ဆရာတော်ဟောမှ၊
ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ မရှိဘဲ တရားတော်အပေါ်မှာ
နားတော်လေးစိုက်ပြီး နားကြားလိုက်မယ်ဆိုရင် တစ်လုံး
တစ်ပါဒ အသိတစ်ခုခုကတော့ ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲ ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့
တရား၊ ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်
ဆိုရင်တော့ အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်
လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နှလုံးသွင်း
မှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။
သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊
စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ လုပ်ထား
ကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊ နည်းစွဲဆိုတာမျိုး ရှိကိုရှိ
လာနိုင်စရာ အကြောင်းမရှိပါဘူး။ တရားအလုပ်ဟာ စနစ်သာ
မှန်မယ်ဆိုရင် များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုး
လေ ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရား
တွေ အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း ပိုပိုပြီး
နည်းလာတတ်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ဝိနည်းတရား
တွေနာလည်း သူ့အတွက်ကတော့ သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ
ဖြစ်သလို၊ သုတ္တန်တရားနဲ့ အဘိဓမ္မာတရားတွေနာလည်း ပီတိ
တရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။
ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ တရားရဲ့
အနှစ်ကိုပဲ ရအောင် နာယူသွားနေမှာပဲ ဖြစ်ပါတယ်။ တရားတော်ရဲ့
လက်တွေ့အကျိုးတွေမှာ တကယ်သာ နာယူကျင့်ကြံထားမယ်ဆိုရင်
ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို
ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့ သဒ္ဓါတရားတိုးပြီး
ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။ အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့
သံဃာမကွဲဘဲ ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို မသိဘဲ
တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့ ပုဂ္ဂိုလ်လည်းစွဲ၊
အကျင့်လည်း လွဲလာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။
အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊ ဘယ်လို
တရားမျိုးမှ မဟုတ်ရင် မနာဘူး၊ ဘယ်နည်း မဟုတ်ရင်၊ ဘယ်
စနစ် မဟုတ်ရင် အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ
ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊
စူးစမ်းဆင်ခြင်မှု ဉာဏ်တွေမရောက်ကြလို့ပဲလို့ ကောက်ချက်ချရမှာ
ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့
အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့ ဆိုရမှာ
ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့် သတိတရား မရှိကြ
လို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတတ်တဲ့ အလွဲ
တွေထဲမှာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေအပေါ်မှာ ရုန်းမထွက်နိုင်ဘဲ
စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး သဒ္ဓါတရား
မတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလွဲဟာလည်း သံသရာနဲ့
ချီပြီး ကြောက်စရာကောင်းတဲ့ အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက်
အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ အနှစ်သာရကို
ရအောင်နာ၊ တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်
ရောက်မှုရှိတဲ့ အကျင့်ကို ရောက်အောင်အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့
အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ ဒါမှဒါဆိုတဲ့ အစွဲမျိုး
မဖြစ်အောင်သာ ကိုယ့်ကိုယ်ကို သတိပြုဆင်ကာ ယုံကြည်မှု
သဒ္ဓါတရားကို အကြောင်းအကျိုး ဆင်ခြင်တတ်တဲ့ ပညာတရား
နဲ့ပေါင်းစပ်လို့ ကောက်မြတ်တဲ့ ညီမျှခြင်းတွေနဲ့ ညီမျှအောင်
ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ်
ရိုးသားစွာ တင်ပြလိုက်ရပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ကံသုံးပါတွင် ဘယ်ကံ အပြစ်ကြီးဆုံးလဲ ဘာကြောင့်လဲ
မေး။ ။ ဟိတ်သုံးထွေ အကြောင့်ကြောင့်၊
မကောင်းမှုဖြစ်လေဖွယ်။ကာယ ၀စီနှင့်၊
မနသီသညာပြု၊ သုံးခုကံဝယ်။
ပြစ်ကြီးငယ်၊ သည့်နှယ်ညှိနှိုင်း။
ဘယ်ကံက ပိုမိုလို့၊ အကျိုးကို ဖြစ်စေသင့်၊
ဟောဖွင့်မှန်တိုင်း။
ဖြေ။ ။ ဟိတ်သုံးထွေ အကြောင်းကြောင့်၊
မကောင်းမှုဖြစ်ဖွယ်။ကာယ ၀စီနှင့်၊
မနသီသညာပြု၊ သုံးခုကံဝယ်။
ပြစ်ကြီးငယ်၊ သည့်နှယ်ညှိနှိုင်း။
နိယတ်ကယ်မိစ္ဆာကြောင့်၊ မနောသာပိုမိုလို့၊
အကျိုးကို ဖြစ်စေသင့်၊ ကျမ်းဖွင့်မှန်တိုင်း။
ပဉ္စ ဟိ အာနန္တရိယကမ္မာနိ မဟာသာဝဇ္ဇာနိ
နာမ, တေဟိပိ မိစ္ဆာဒိဋ္ဌိယေဝ မဟာသာဝဇ္ဇ
တရာတိ အဓိပ္ပါယော။ (ပဉ္စာနန္တရိယိကံ ငါးပါး
တို့သည်လည်း ကြီးသောအပြစ်ရှိကုန်သည်
မည်သည်သာ၊ ထို့ထက်လည်း မိစ္ဆာဒိဋ္ဌိက
သာလျှင် သာ၍ အပြစ်ကြီး၏၊) (အံ.ဌ၊ ၁၊ ၃၇၁)
(မင်းကွန်းအလယ်တောရဆရာတော်မေး၊
မန်လည်ဆရာတော် အဖြေ၊ ပဉ္စစတ္တာလီသ
ပုစ္ဆာဝိသဇ္ဇနာမှ) ပညာဝီမံသနကထာကျမ်း-၆၀။
ထိန်တောဆရာတော်ဘုရားကြီး၏ ပုစ္ဆာနယ
ပကာသနီကျမ်း နှာ-၄၀ တွင်လည်း အောက်ပါ
အတိုင်း ဖြေဆိုတော်မူသည်။
" ထိုကံသုံးပါးတို့တွင် အကုသိုလ်အရာ၌
နိယတမိစ္ဆာဒိဋ္ဌိကံကို ထောက်၍ ကုသိုလ်
အရာ၌ မဟဂ္ဂုတ်ကံကို ထောက်၍ မနောကံ
အပြစ်ကြီးသည်" ဟုဖြေ။ (တစ်ခုသော
မဂ်စေတနာသည် အကုသိုလ်ကံအားလုံးကို
သတ်ဖြတ်လျက် အရဟတ္တဖိုလ်ကို ယူစေ၏)
အကုသလံ ပတွာ မနောကမ္မံ မဟာသာဝဇ္ဇံ
ဝဒမာနော နိယတမိစ္ဆာဒိဋ္ဌိံ သန္ဓာယ ဝဒတိ။
ဧကာ ပန ဈာနစေတနာ စတုရာသီတိကပ္ပ
သဟဿာနိ သဂ္ဂသမ္ပတ္တိံ အာဝဟတိ, ဧကာ
မဂ္ဂစေတနာ သဗ္ဗာကုသလံ သမုဂ္ဃါတေတွာ
အရဟတ္တံ ဂဏှာပေတိ။ (မ၊ဋ္ဌ၊၃၊၃၈။)
ရနံ့စံအိမ်
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ရနိုင်သလို ယူကြရ၏
ဒါနဟူသည် ငွေမမှီက
လှူရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား မပြစ်ထားနှင့်
တရားအသင့် နှလုံးချင့်ကာ
ကြံမှာတစ်ချိုး တစ်ရိုးလက္ဘက်
တစ်ခွက်သောက်ရေ ပေးလှူလေလည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားပေးလှူကြရာ၏။
သီလဟူသည် စိတ်မကြည်က
စောင့်ရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား လွှတ်မထားနှင့်
တရားအသင့် နှလုံးချင့်ကာ
နာရီပိုင်းထောင့် ခဏစောင့်လည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားစောင့်ထိန်း ကြရာ၏။
ဘာဝနာဟူသည် စိတ်မကြည်က
ပွါးရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား လွှတ်မထားနှင့်
တရားအသင့် နှလုံးချင့်ကာ
နာရီပိုင်းခြား ခဏပွားလည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားပွားများ ကြရာ၏။
အရှင်ဝိသာရဒ ( ရမ္ပာဝတီ )
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
တရားဘယ်မှာရှာ
တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ
ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ
ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲ
မှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ
တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်
ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ
ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။
ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရ
တာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီး
ကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့
ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာ
တဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။
မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။
ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာ
လား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထား
ကြည့် ၀ီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ
အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်
ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။
ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်း
လိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိ
တော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင်
အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ချင်းလိုက်ပေး
လိုက်။ လိုက်လိုက်တဲ့အခါမှာ မြင်စိတ်ကလေးက မရှိတော့
ဘူး။ ပေါ်လာတာကိုလဲ တွေ့၊ မရှိတော့တာကိုလဲ တွေ့လိုက်
တယ်ဆိုရင် မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်ရတဲ့တရား
လေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင်တာလား
ဆိုရင် ငါမြင်တာမဟုတ်ဘူး၊ မြင်စိတ်ကလေးကမြင်ပြီး မြင်
စိတ်ကလေး ပျက်သွားတာပါပဲ။ ဒီတော့ မြင်စိတ်ကဖြစ်ပျက်၊
ရှုတာက မဂ်လို့ မှတ်လိုက်တာပေါ့။ ရှုတာက ၀ိပဿနာမဂ်ဖြစ်
သွားတယ်။ ဒါဟာ တရားပါပဲ။ ပေါ်လာတဲ့တရား မြင်စိတ်က
လေးကို စောင့်မကြည့်ဘူးဆိုရင်ဖြင့် မြင်တာနဲ့ လိုချင်တယ်၊
စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေ
လိုက်လာမယ်။ ဒီတရားသုံးခုဟာ ပစ္စုပ္ပန်အကျိုးတရားတွေပါ
ပဲ။ ပစ္စုပ္ပန်ခန္ဓာကို ပေါ်ဆဲမရှုမိလိုက်လို့ ဆက်လာတဲ့ အကျိုး
ဆက်တွေပေါ့။ တစ်နည်းအားဖြင့် အနာဂတ်ခန္ဓာဖြစ်ခြင်းရဲ့
အကြောင်းတွေလဲ ဖြစ်လို့ အနာဂတ်အကြောင်းတရားသုံးပါး
လို့လဲ ခေါ်ပါတယ်။ အနာဂတ်အကြောင်းပေါ်ရင် အနာဂတ်
အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ တရားသုံးခုကလဲ
မလာပါနဲ့လို့ တားလို့မရပါဘူး။ မြင်စိတ်ပေါ်ရင် ပေါ်ဆဲအခိုက်
လေး စောင့်ကြည့်လိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မလာ
တော့ဘဲ ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွား
တယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတဲ့အတွက် သေ
သည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏဆိုတဲ့ အနာဂတ်အကျိုး
သုံးခု မလာတော့ဘဲချုပ်သွားတယ်။ ဒါဟာ စောင့်ပြီး ရှုလိုက်
ရခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဇာတိ ဇရာမရဏဆိုတာ
ဒုက္ခသစ္စာသာဖြစ်တယ်။ ဒီဒုက္ခသစ္စာလာမှာစိုးလို့ မြင်စိတ်
ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပေးရပါတယ်။ အကြောင်း
တိုက်ဆိုင်လို့ပေါ်လာတဲ့ မြင်စိတ်ကလေးဟာ အခုပေါ် အခု
ပျက်။ ငါမြင်တာလဲ မဟုတ် သူမြင်တာလဲ မဟုတ်၊ မြင်စိတ်
ကလေးက မြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာ တွေ့လိုက်
ပါလိမ့်မယ်။ ဒီတော့ ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲ
မထင်နဲ့၊ သူလဲ မထင်နဲ့၊ အနိစ္စသာထင်အောင်လုပ်လိုက်ပါ။
အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ပေးလိုက်တာပါပဲ။ ဒါဖြင့် မြင်
စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မရှုရင် တဏှာဥပါဒါန် ကံ
တွေလာမယ်။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏတွေ
ရမယ်။
အသံတစ်ခုခု ကြားလိုက်တော့ ကြားစိတ်ကလေးပေါ်မယ်။
ပေါ်တဲ့ ကြားစိတ်ကလေးကိုလဲ စောင့်ကြည့်လိုက်ပါ၊ အခု
ပေါ် အခုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ မရှုလို့ရှိရင်
ငါကြားတယ်၊ ငါမြင်တယ်ဆိုပြီး စိတ်မှာ ဒိဋ္ဌိကပ်လာတယ်။
ရှုလိုက်တာနဲ့ ငါကြားတာမဟုတ်၊ ကြားစိတ်က ကြားပြီး
ကြားစိတ်ကလေး ပျက်သွားတာပဲဆိုတာ သိလိုက်တော့
ကြားစိတ်အပေါ်မှာ ငါစွဲဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် ပေါ်
သမျှစိတ်ကို လိုက်ပြီး စောင့်ကြည့်နေတာသည် ဒိဋ္ဌိသတ်
နေတာပဲလို့လဲ နားလည်ထားလိုက်ပါ။ ဒါကြောင့် နှာခေါင်း
ထဲ နံစိတ်ကလေးပေါ်လာရင်လဲ ပေါ်ဆဲနံစိတ်ကလေးကို
စောင့်ကြည့်လိုက်ပါ။ ငါနံတာမဟုတ်၊ နံစိတ်က နံတာ၊ နံ
စိတ်ကလေးပဲ ပျက်သွားတာလို့ ရှုနေတော့ သိလာတယ်။
စားစိတ်လေးပေါ်လာတော့လဲ အရင်ကပေါ်တာမဟုတ်
အခုမှပေါ်လာတာပဲလို့ သိလိုက်ပါ။ သိတဲ့အတိုင်း ဉာဏ်
လိုက်လိုက်တဲ့အခါ စားစိတ်ကလေးကလဲ ဖြစ်ပြီး ပျက်ပြ
သွားပါလိမ့်မယ်။ အနိစ္စသဘောကို သူပြောသွားပါလိမ့်
မယ်။ စားစိတ်ကလေးက စားပြီး စားစိတ်ကလေးပဲ ပျက်
သွားတာကို ရှင်းရှင်းမြင်အောင် ကြည့်လိုက်ပါ။ ငါစား
တယ်လို့ ထင်နေရင်တော့ ဒိဋ္ဌိကပ်နေမှာပါပဲ။ ရှုနေတဲ့
အခါ ငါစားတာမဟုတ်ပါလားဆိုတာ သိနေတော့ ဒိဋ္ဌိ
အလိုလို သေနေတယ်။ ယားတဲ့ နာတဲ့စိတ်လေးတွေ
ပေါ်လာရင်လဲ အရင်ကပေါ်နေတဲ့စိတ်မဟုတ်၊ အခုမှ
ပေါ်လာတဲ့စိတ်ကလေးဖြစ်တယ်၊ ငါယားနေတာမဟုတ်
ယားစိတ်ကလေးက ယားနေတာ၊ ယားစိတ်ကလေးပဲ
ပျက်သွားတာဆိုတာ စောင့်ကြည့်နေရင် သိတယ်၊ သိ
နေရင် ဒိဋ္ဌိပြုတ်နေတယ်။ အခု ပေါ်သမျှစိတ်တွေလိုက်
ကြည့်လိုက်တော့ မြဲတဲ့စိတ် တစ်လုံးမှ မတွေ့ရပါဘူး။
ဖြစ်ပြီးပျက်၊ ပေါ်ပြီး ပျောက်သွားကြတဲ့စိတ်တွေချည်းပဲ
တွေ့ရတယ်။ ဒီတော့ ပေါ်သမျှစိတ်တွေဟာ ဖြစ်ပျက်ပဲ၊
ဖြစ်ပျက်ဟာ ဒုက္ခသစ္စာသာဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ
ချမ်းသာတဲ့စိတ်ကလေးပေါ်လဲ စောင့်သာကြည့်လိုက်၊
ဒီစိတ်ကလေးဟာ အခုမှပေါ်လာပြီး အခုပဲ ပျက်သွား
တာတွေ့ရမယ်။ ဥပမာ- လေလေးတိုက်လာလို့ အေး
ချမ်းတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီစိတ်ကလေးဟာ
အရင်က ရှိနှင့်နေတဲ့စိတ်မဟုတ်ပါဘူး။ အခုမှ လေနဲ့
ကိုယ်နဲ့တွေ့ထိလို့ ပေါ်လာတဲ့စိတ်ကလေး။ ဒီစိတ်က
လေးကလဲ ကြည့်လိုက်တော့ မရှိတော့ဘဲ ပျက်သွား
တာပဲ။ မြဲတည်နေတာမဟုတ်ပါဘူး။ ငါအေးနေတာလဲ
မဟုတ်၊ သူအေးနေတာလဲ မဟုတ်၊ အေးစိတ်ကလေး
ချမ်းသာစိတ်ကလေး ကောင်းစိတ်ကလေးက အေးနေ
တာပဲဆိုတာ သိလာမယ်။ ဒီစိတ်ကလေးပဲ ပျက်သွား
တယ်ဆိုတာ မြင်လာမယ်။ ဒီလိုမြင်နေတဲ့အခိုက် ဒိဋ္ဌိ
မကပ်နိုင်တော့ဘူး။ ဒီစိတ်အပေါ်မှာ သာယာတဲ့ တဏှာ
ဥပါဒါန် ကံတွေလဲ မလိုက်တော့ဘူး။ အနာဂတ်အကြောင်း
သုံးပါး ပြတ်တယ်။ အကြောင်းပြတ်ရင် အကျိုးတရား
တွေဖြစ်တဲ့ ဇာတိ ဇရာမရဏဆိုတဲ့ နောင်ခန္ဓာလဲ ပြတ်
တယ်။
လောဘစိတ်ကလေးပေါ်လာရင်လဲ သတိထားပြီး စိုက်
ကြည့်လိုက်တော့ လောဘဟာ လောဘအတိုင်း ဖြစ်ပြီး
ပျက်သွားတယ်။ ဥပါဒါန် ကံဘက် မကူးနိုင်တော့ဘူး။
ဒါကြောင့် လောဘစိတ်လာလဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။
ဒေါသစိတ်လေး ပေါ်လာလဲ ဖြစ်ပျက် ရှုပေးလိုက်တော့
ဒေါသက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ စိတ်
ထဲမှာ သံသယစိတ် ၀ိစိကိစ္ဆာလာရင်လဲ ဖြစ်ပျက်ရှု။ ပျံ့
လွင့်တဲ့စိတ်လာရင်လဲ အနိစ္စပဲလို့ မြင်အောင် စောင့်ကြည့်။
မလိုချင်တဲ့ အလောဘစိတ်ကလေး လာရင်လဲ ဖြစ်ပျက်ရှု
ပေးပါ။ မေတ္တာပို့လိုတဲ့ အဒေါသစိတ်ကလေးပေါ်လာရင်လဲ
ဖြစ်ပျက်သာ ရှုပေးပါ။ ခြုံပြောလိုက်မယ်။ ပေါ်ရာစိတ်ကိုပဲ
ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဘယ်စိတ်မှ ရှုစရာမထင်ရှားဘူးဆို
ရင် သက်စောင့်စိတ်ကလေးကိုပဲ ဖြစ်ပျက်ရှုပေးပါ။
သက်စောင့်စိတ်ဆိုတာ အိမ်သည်စိတ်လို့လဲ ခေါ်တယ်။
လေကို အပြင်ထုတ်တဲ့စိတ် လေကို အတွင်း ရှူသွင်းတဲ့
စိတ်ပါပဲ။ ထွက်စိတ် ၀င်စိတ်လို့ အလွယ်မှတ်လိုက်ပေါ့။
လေကိုထွက်အောင်လုပ်တဲ့စိတ်ကလေးနဲ့ လေကို အတွင်း
ဝင်အောင်လုပ်တဲ့စိတ်ကလေးကို မှန်းပြီး ဖြစ်ပျက်ရှုပေးနေ
လိုက်ပါ။ ပေါ်ရာစိတ်ကို အကုန်သာ လိုက်ရှုနေလိုက်ရင်
စိတ်ကို ရှုနည်း ပိုင်သွားတာပါပဲ။ ဒီလို ပေါ်သမျှ စိတ်ကို
ရှုနေတာကို စိတ္တာနုပဿနာလို့ခေါ်ပါတယ်။ ဒီလို စိတ်ကို
ရှုတော့ ပေါ်သမျှစိတ်က မတည်မြဲဘဲ ပျက်ပျက်ပြသွားတာ
တွေ့နေရလို့ စိတ်ဟာ အနိစ္စပဲဆိုတာ ဆုံးဖြတ်ချက် ချလာ
နိုင်မယ်။ ငါ့စိတ်လို့ အထင်လဲ ပျောက်တော့ အတ္တဒိဋ္ဌိတွေ၊
နိစ္စဒိဋ္ဌိတွေ ကွာသွားလို့ ဒိဋ္ဌိအမြန်ကွာချင်တယ်ဆိုရင် ပေါ်
သမျှစိတ်ကိုသာ လိုက်ပြီး ကြည့်ပေးနေပါ။ ကိုယ့်ခန္ဓာမှာ
ပေါ်တဲ့စိတ်တိုင်းဟာ ပေါ်ပြီး ပျက်ပျက်ပြသွားပါလိမ့်မယ်။
ပေါ်ပြီးပျက်ရတယ်ဆိုတာ မမြဲလို့ ပျက်ရတာပဲဆိုတဲ့အသိ
ဉာဏ် လိုက်လာပါလိမ့်မယ်။ မမြဲတဲ့စိတ်ပေါ်ပြီး မမြဲတဲ့စိတ်
ကလေးပဲ ပျက်သွားတာကို သိလိုက်ပါလိမ့်မယ်။
မမြဲတဲ့အနိစ္စသဘောမှန်ကို သိနေခိုက်မှာ မြဲတယ်ထင်နေ
တဲ့ နိစ္စဒိဋ္ဌိ၊ ငါ့စိတ်လို့ထင်နေတဲ့ အတ္တဒိဋ္ဌိတွေ ကွာကွာသွား
ပါလိမ့်မယ်။ ဒါဟာ ခန္ဓာကိုယ်ကို စောင့်ကြည့်လို့ ပေါ်လာတဲ့
တရားပါပဲ။ ခန္ဓာထဲမှာ ရှိနေတဲ့တရားကို ဉာဏ်နဲ့ကြည့်လို့
တွေ့လိုက်ရတဲ့ တရားပါပဲ။ မရှုရင် ပေါ်တဲ့စိတ်နောက်က
တဏှာ ဥပါဒါန်ကံတွေလိုက်မယ်။ အနာဂတ်အကြောင်း
နောင်ခန္ဓာရကြောင်းတရားတွေ လာမယ်။ ဒါဆို နောင်ခန္ဓာ
ဒုက္ခသစ္စာအကျိုးတရားကိုလဲ မလိုချင်လို့ မရတော့ပါဘူး။
ပေါ်သမျှစိတ်ကို ပေါ်ဆဲအခိုက်မှာ မလွတ်တမ်းရှုပေးနိုင်မယ်
ဆိုရင်တော့ အနာဂတ်အကြောင်းတွေလဲ ပြတ်၊ အနာဂတ်
ခန္ဓာတွေလဲ မလာနိုင်တော့အောင် နောင်ခန္ဓာတွေကို ရှုတဲ့
ဉာဏ်က ဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ၀ိပဿနာရှုနေ
တာသည် နောင်ခန္ဓာအစဉ်ကို ဖြတ်နေတာပါပဲ။ နောင်ခန္ဓာ
သည် ဒုက္ခသစ္စာမို့ အကျိုးဒုက္ခသစ္စာကို ဖြတ်ပေးနေတာ
ဟာ ၀ိပဿနာပါပဲ။
ဒေါက်တာအရှင်ပါရမီ
( မြကျွန်းသာ မိုးကုတ်ရိပ်သာ )
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
သစ်သီးဆွမ်း တင်ခြင်း စွန့်ခြင်း
ဆရာတော်ဘုရား၊ သစ်သီးများကို
မမှည့်သေးမီ ဘုရားစင်၌ တင်ထားပြီး
၃-၄ ရက် စသည်ထား၍ မှည့်သော
အခါတွင် စွန့်ပြီးစားခြင်းများ လုပ်ကောင်း
ပါသလားဘုရား၊
အဖိတ်နေ့ညတွင် ဘုရားစင်၌ပင် ပြင်ဆင်
ထားပြီး ဥပုသ်နေ့ နံနက်တွင် ကပ်လှူ၍
မွန်းမတည့်မီ စွန့်လျှင်ကော ရပါသလား၊
ဖြေကြားပေးတော်မူပါဘုရား။
( မလှညို-ကျားတက်ရွာ၊ သံကုန်းမြို့ )
( ဖြေ )
မမှည့်သေးသောသစ်သီးများကို ဘုရားရှေ့၌
ရက်ရှည် နေ့ရော ညပါ ဆွမ်းတော်တင်သကဲ့
သို့ တင်ထားခြင်းမျိုးကို မပြုအပ်ပါ၊ မှည့်မှသာ
နံနက်ပိုင်းတွင် ခွဲစိတ်လှူဒါန်းပြီး မွန်းမတည့်မီ
စွန်ပစ်ခြင်းသာ သဘောမှန်ဖြစ်ပါသည်၊
ဥပုသ်နေ့နံနက် ကပ်လှူရန် အဖိတ်နေ့ညနေ
တွင် ဘုရားရှေ့တွင် မဟုတ်ဘဲ မနီးမဝေးတွင်
ပြင်ဆင်ထားပြီး ဥပုသ်နေ့နံနက်ပိုင်းတွင်
ခွဲစိတ်ပြုပြင်လျက် လှူဒါန်းခြင်းမျိုးကား လုပ်
သင့်ပါသည်၊
စွန့်ပြီးစားခြင်း၊ မစားခြင်းမှာ ဘုရားဝေယျာဝစ္စ
ပြုသူအနေဖြင့် ပြောဖွယ်မရှိပါ။ စားလိုက စား
နိုင်ပါသည်။
ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
မမှည့်သေးမီ ဘုရားစင်၌ တင်ထားပြီး
၃-၄ ရက် စသည်ထား၍ မှည့်သော
အခါတွင် စွန့်ပြီးစားခြင်းများ လုပ်ကောင်း
ပါသလားဘုရား၊
အဖိတ်နေ့ညတွင် ဘုရားစင်၌ပင် ပြင်ဆင်
ထားပြီး ဥပုသ်နေ့ နံနက်တွင် ကပ်လှူ၍
မွန်းမတည့်မီ စွန့်လျှင်ကော ရပါသလား၊
ဖြေကြားပေးတော်မူပါဘုရား။
( မလှညို-ကျားတက်ရွာ၊ သံကုန်းမြို့ )
( ဖြေ )
မမှည့်သေးသောသစ်သီးများကို ဘုရားရှေ့၌
ရက်ရှည် နေ့ရော ညပါ ဆွမ်းတော်တင်သကဲ့
သို့ တင်ထားခြင်းမျိုးကို မပြုအပ်ပါ၊ မှည့်မှသာ
နံနက်ပိုင်းတွင် ခွဲစိတ်လှူဒါန်းပြီး မွန်းမတည့်မီ
စွန်ပစ်ခြင်းသာ သဘောမှန်ဖြစ်ပါသည်၊
ဥပုသ်နေ့နံနက် ကပ်လှူရန် အဖိတ်နေ့ညနေ
တွင် ဘုရားရှေ့တွင် မဟုတ်ဘဲ မနီးမဝေးတွင်
ပြင်ဆင်ထားပြီး ဥပုသ်နေ့နံနက်ပိုင်းတွင်
ခွဲစိတ်ပြုပြင်လျက် လှူဒါန်းခြင်းမျိုးကား လုပ်
သင့်ပါသည်၊
စွန့်ပြီးစားခြင်း၊ မစားခြင်းမှာ ဘုရားဝေယျာဝစ္စ
ပြုသူအနေဖြင့် ပြောဖွယ်မရှိပါ။ စားလိုက စား
နိုင်ပါသည်။
ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
အတ္တသမာပဏီဓိ
လုံ့လမရှိသေးတဲ့ မိမိကိုယ်ကို လုံ့လရှိအောင်ပြုပြင်
ရှိပြီးသားလုံ့လ၀ီရိယတွေ မလျော့ပါးသွားအောင်
ထိန်းထား၊ အတ္တသမာပဏီဓိခေါ်တယ်။
အသိဉာဏ်မရှိသေးတဲ့မိမိကိုယ်ကို အသိဉာဏ်ပြည့်စုံ
လာအောင် ကြိုးစား၊ ပြည့်စုံပြီးသား အသိဉာဏ်တွေ
လျော့မသွားအောင် ထိန်းထား၊ စွန့်လွှတ်ချင်တယ်ဆို
တဲ့စိတ်ဓါတ်မရှိသေးရင် စွန့်လွှတ်ချင်တဲ့စိတ်ဓါတ်တွေ
ဖြစ်လာအောင်ကြိုးစား၊ စွန့်လွှတ်ချင်တဲ့စိတ်ဓာတ်ရှိပြီး
သားဆိုရင် မလျော့ပါးအောင်ထိန်းထား၊ ယုံကြည်ချက်
မရှိသေးရင် ယုံကြည်ချက်ရှိအောင် ကြိုးစား၊ ရှိပြီးသား
ယုံကြည်ချက်တွေ မပျက်အောင်ထိန်းထား၊ ကိုယ်ကျင့်
တရားမပြည့်စုံသေးရင် ကိုယ်ကျင့်တရားနဲ့ပြည့်စုံအောင်
ကြိုးစား၊ ပြည့်စုံပြီးသားကိုယ်ကျင့်တရားတွေ မပျက်
အောင် ထိန်းထား အဲဒါတွေဟာ အတ္တသမာပဏီဓိ
မင်္ဂလာတရားတွေပဲလို့ ....
ဗုဒ္ဓရဲ့မင်္ဂလာတရားတွေဟာ လူမှုရေးကော ဘာသာရေး
ကော သာသနာရေးကော နိုင်ငံရေးကော ဘယ်အရေး
အရာမှာဖြစ်ဖြစ် အကုန်အသုံးဝင်တဲ့တရား၊ ဒါ့ကြောင့်
ကိုယ်နှုတ်စိတ်အား ကောင်းစွာထားမှတ်သားမင်္ဂလာ
ဘာသာရေးပဲဆောင်ရွက်ဆောင်ရွက်
သာသနာရေးပဲဆောင်ရွက်သည်ဖြစ်စေ
လူမှုရေးပဲဆောင်ရွက်သည်ဖြစ်စေ
တိုင်းရေးပြည်ရေးကိုပဲ ဆောင်ရွက်သည်ဖြစ်စေ
အတ္တသမ္မာပဏီဓိနဲ့ဆောင်ရွက်မှ အလုံးစုံပြီးပြည့်စုံတယ်။
အတ္တသမာပဏီဓိမင်္ဂလာအဆက်ပြတ်ပြီးတော့ ဆောင်ရွက်
ရင် လူမှု့ရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေးအားလုံး
တို့သည် ကြီးပွားခြင်း ငှါမဖြစ်သာဘူး။ ပျက်ဆီးဖို့ပဲရှိပါတယ်။
ဟိုးတုန်းက လှေတစ်စင်းမှာလူသုံးယောက်စီးသွားကြတယ်။
လှေတစ်စင်း လူသုံးယောက် ချောင်းလေးတစ်ခုတည်း
ရေစီးကလည်းသန်လိုက်တာ။ ဒိုက်တွေ ဗေဒါတွေကလည်း
အလွန်ထူတယ်။ အဲဒီချောင်းထဲ။ ဒိုက်တွေဗေဒါတွေအလွန်ထူတဲ့
အဲဒီချောင်းထဲ လူသုံးယောက်လှေစီးတယ် ။ ဦးကတစ်ယောက်
ပဲ့ကတစ်ယောက်၊ လှေဝမ်းထဲကတစ်ယောက်။ လှေဝမ်းထဲက
လူကတော့ တုံးလုံးကလေးခွေပြီးတော့ လှေဝမ်းထဲခွေပြီးတော့
လိုက်သွားတယ်။ ဦးကလူကလည်းပဲ ရှေ့ကဗေဒါလေးတွေခံလို့
ချင်ရင်သူကကြိုးစားဖို့ ဒိုက်တွေ ဗေဒါတွေ ဖယ်ဖို့သူကလိုက်သွား
တယ်။ နောက်ပဲ့ကလူကတော့ လှော်တက်နဲ့ပဲ့နဲ့ထိန်းပြီးတော့ နာနာ
ကိုလှော်သွားတယ်။ ဒီလိုကိုး။
လှော်ပြီးတော့သွားတဲ့အခါကျတော့ ရေစီးကခပ်သန်သန် ချောင်းလေး
က ခပ်ကျဉ်းကျဉ်း ဗေဒါတွေကထူ နောက်ကနေပြီးတော့ လှော်တက်
ကိုင်ပြီးတော့ ပဲ့ကိုင်လှော်တဲ့သူက နင်းကန်တအားတွန်းလှော်တာပဲ။
ဟုတ်လား။ သူက ၀ီရိယသမား။ ရှေ့လှေဦးကထိုင်လိုက်တဲ့သူက
ဘယ့်နှယ့်ဖြစ်နေတုန်းဆိုတော့ ရှေ့ကဗေဒါတွေဆွဲရ ရေလှိုင်းတွေနဲ့
တွေ့ တော်ကြာ နွယ်တွေနဲ့တွေ့ ခြုံတွေနဲ့တွေ့ဆိုတော့ သူကရှေ့နား
ကနေပြီးတော့ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရား၊ ဖြစ်နေတယ်။ သူကဘာဖြစ်နေလဲ။
ယုံကြည်ချက် မရှိတဲ့လူပေါ့။ ယံကြည်ချက်မရှိတဲလူဟာ သတ္တိနည်း
တယ်။ စဉ်းစားကြည့်သေသေချာချာ။ ယုံကြည်ချက်ခိုင်မြဲတဲ့ပုဂ္ဂိုလ်
မှ သတ္တိကောင်းတာ။ ဘာသာရေးပဲ ဆောင်ရွက်သည်ဖြစ်စေ၊
သာသနာရေးပဲဆောင်ရွက်သည်ဖြစ်စေ၊ လူမှုရေးပဲဆောင်ရွက်သည်
ဖြစ်စေ၊ တိုင်းရေးပြည်ရေးကိုပဲ ဆောင်ရွက်သည်ဖြစ်စေ အဲသည်ပုဂ္ဂိုလ်
ယုံကြည်ချက်မရှိရင် အသက်ကိုမစွန့်ရဲဘူး။ ယုံကြည်ချက်ခိုင်မြဲပြီဆိုတဲ့
ပုဂ္ဂိုလ်သည် အသက်လည်း စွန့်တယ်။ ပစ္စည်းလည်း စွန့်တယ်။
သားမယားပါ စွန့်တယ်။ ယုံကြည်ချက်မရှိတဲ့သူက အဲဒီလှေဦးက
လူလိုပဲ။ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရားနဲ့။ ဒီလိုဖြစ်နေတယ်။ နောက်က လှေနောက်က
လူကလည်းပဲ အတင်းကြီး တွန်းလှော်တာပဲ။ အတင်းကြီး တွန်းလှော်
လှေဦးကလူက အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊
အမလေး ဘုရား ဘုရားဖြစ်နေတော့ နောက်ကလူက “ဘာလဲကွ
မင်းက ဘာကိုကြောက်နေတာလဲ ဘယ်သူ့ကြောက်ရမှာလဲ ချကွ၊
ချစမ်းပါကွ” နောက်က သူကဒီလို ၊ လှေဝမ်းထဲမှာခွေပြီးတော့ မှိန်း
လိုက်နေတဲ့သူကတော့ “ဘာတွေဖြစ်နေကြတာလဲကွာ၊ မောင်မောင့်
လှေလို့ပြောလိုက်စမ်းပါ” တဲ့သူက ။ လူသုံးယောက် လှေလှော်သွား
နေတယ်။ နောက်ပိုင်းကလူက ချဟဲ့ ချဟဲ့နဲ့ ။ လှေဦးကလူကတော့
အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား
ဘုရားနဲ့။ လှေဝမ်းထဲကလူကတော့ “ဘာတွေဖြစ်နေကြတာလဲကွာ၊
မောင်မောင့် လှေလို့ပြောလိုက်စမ်းပါ” ။ အဲဒီလိုသုံးယောက်ဟာ
ဘယ်လိုလူတွေမှတ်တုန်း လှေနောက်ပိုင်းက လှော်လိုက်နေတဲ့သူက
အရက်သမား၊ ဟုတ်လား။ လှေဦးကလူနေပြီးတော့ အမလေး ဘုရား
ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရားနဲ့ လုပ်နေတဲ့
သူက ဆေးခြောက်သမား။ လှေဝမ်းထဲက ခွေပြီးတော့ မှိန်းလိုက်သွား
တဲ့သူက ဘိန်းစား။ ဟုတ်တယ်မလား။ ဘိန်းစားကတော့ မှိန်းပြီးတော့
သူများလှော်တဲ့နောက်ကို အသာမျောလိုက်နေတာ။ သူဘာမှမလုပ်ချင်
ဘူး။ ဘိန်းစားသမားကတော့ အဲဒီအတိုင်းပဲ သူများလုပ်သမျှကိုမှေး
လိုက်သွားတာ။ လှေဝမ်းထဲ။ သူကစိတ်ကူးယဉ်နေတယ်မလား။
နတ်သမီးလေးတွေ တစ်ဖက် လေးငါးရာ ကြိုဖြစ်နေတာ။ ဆေးခြောက်
သမားကလည်းဘယ်လိုဖြစ်တုန်း။ ဆေးခြောက်သမားကလည်း ကြမ်း
ပေါ်မှာ အိမ်ပေါ်မှာကိုယ့်အိမ်ပေါ်ကို လမ်းလျှောက်တာတောင်မှ ကြမ်း
တစ်ခုနဲပတစ်ခု လက်ညိုးလောက်ကွာတဲ့ကြမ်းကြားလေးကိုလေ ဆေး
ခြောက်သမားက ကြီးကျယ်တဲ့ချောက်ကြီးထင်ပြီးတော့ ခုန်ပြီးတော့
ကျော်ချင်ကျော်နေတာ။ အဲဒါကြောင့်လှေဦးကနေသူက ကြောက်ပြီး
တော့ အမလေး ဘုရား ဘုရား၊ အမလေး ဘုရား ဘုရား၊ အမလေး
ဘုရား ဘုရား ဒီလိုဖြစ်နေတယ်။ အဲဒီလိုလူသုံးယောက်လှေလှော်
သွားသလိုသာ ဒီတိုင်းပြည် ဒီဘာသာ ဒီသာသနာ အလိုလိုနေပြီးရော
ဘယ်လောက် စိတ်ပျက်စရာကောင်းမလဲ။ အတ္တသမာပဏီဓိ အရေး
ကြီးပုံကိုပြောတာ။ ဘိန်းစားလို ရေသာခိုမှိန်းပြီးတော့ မလိုက်ကြနဲ့။
လူပျင်း ပျင်းတဲ့သူက ၀ီရိယမရှိဘူး။ ဆေးခြောက်သမားလိုနေရာတကာ
ဘုရား ဘုရား ဘုရား လုပ်ပြီးတော့ ကြောက်မနေကြနဲ့။ သူကယုံကြည်
ချက်နဲတယ်။ ဒီလိုမလား။ နောက်က အမူးသမား အရက်သမားကဲ့သို့
ချလိုက် ချလိုက် နေရာတကာချလိုက်ချည်းလုပ်မနေနဲ့။ အဲဒီပုဂ္ဂိုလ်က
လည်း ပညာဉာဏ် အလွန်နည်းတယ်။ လူညံ့တွေချည်းမလား။ လုပ်
ပြီဟေ့ဆိုချလိုက်လုပ်နေတာ ဉာဏ်မရှိဘူး။ အလယ်ကောင်ကလူက
လည်း လူပျင်း။ သူလည်းဟန်မကျဘူး။ ရှေ့ဆုံးကလူက ယုံကြည်ချက်
မရှိဘူး။ အတ္တသမာပဏီဓိနော်။ ဒီလူသုံးယောက်ကိုကြည့်ထား။
ဒီလူသုံးယောက်လိုတော့ ဘယ်ကိစ္စမှာမှ ဘုန်းကြီးတို့ဒကာ ဒကာမတွေ
မလုပ်ကြနဲ့။
သီတဂူဆရာတော်
အတ္တသမ္မာပဏီဓိတရားတော်
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ဇနီးမယား ၇ မျိုးဆိုတာ
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။
(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။
(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။
(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။
ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊
သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ဓမ္မ အဓမ္မ နှင့် သိသမျှ မြင်သမျှ
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ စိတ်ဝင်စားဖွယ်ကောင်းသော စာတစ်စောင် နှင့် အခက်ဆုံးမေးခွန်း သုံးခု စာအုပ်လေးကို ဖတ်လိုက်ရပါတယ်။ စိတ်အဝင်စားမိဆုံး ပြဿနာမှာ တရား၏ အဓိပ္ပါယ် ကို မေးမြန်း ဆွေးနွေးချက် ဖြစ် ပါသည်။ ဓမ္မ၊ အဓမ္မ အဓိပ္ပါယ်နှင့် အသုံးအနှုန်း ပြဿနာကို ဂျာနယ်တစ်စောင် တွင်လည်း ဖတ်မှတ်မိရာမှ ဆရာတော် ဖြေ ကြားပြီး ဖြစ်သော်လည်း မေးခွန်းများကို ရှုထောင့်တစ်ခုမှ ဆွေးနွေးချင်ပါတယ်။
မေးခွန်း အမှတ်(၁)မှာ ဓမ္မတရား ဆိုတာကို မတရားခြင်း၏ ပြောင်းပြန်လို့မြင်ကြောင်း၊ အာနာပါန စသည့် ရှုမှတ်မှုတို့ သည် တရားခြင်းလည်း မဟုတ်၊ မတရားခြင်းလည်း မဟုတ်သဖြင့် ဓမ္မတရား အဖြစ် မမြင်နိုင် ဖြစ်နေကြောင်း၊ ဓမ္မတရား ဆိုတာကို ရှင်းပြပေးဖို့ ဆရာတော်ကို မေးလျှောက်ထားပါတယ်။
ဒီမေးခွန်းမှာ အဓိကပြဿနာက ဓမ္မတရား ဆိုတာကို အဓိပ္ပါယ် နားလည်မှားခြင်း လို့ မြင်ပါတယ်။ မေးခွန်းရှင်က ဓမ္မတရား ကို တရားမျှတခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်။ ဒါကြောင့်လဲ နောက်ပိုင်း စဉ်းစားသမျှ လွဲကုန်ပါတယ်။ အမှန်က ဓမ္မတရား ရဲ့ အဓိပ္ပါယ်ကို (မြတ်စွာဘုရားရှင် ဟောကြားခဲ့သော) သဘာဝ အမှန်တရားများ လို့ မှတ်ယူ စဉ်းစားကြည့်စေလို ပါတယ်။
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်တာ တရား လို့ ဆိုတာထက် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကောင်းမှုကုသိုလ်
ဖြစ်သည်ဟု ဘုရားရှင်က (သဘာဝ အမှန်တရားကို) ဟောကြား ခဲ့သည်လို့ ဖြည့်စွက် စဉ်းစား ကြည့်စေလိုပါတယ်။ ဒါက သဘာဝ အမှန်တရားပါ။ တရားမျှတခြင်း၊ မတရားခြင်းနဲ့ မဆိုင်ပါဘူး။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ… ဆို တာ သဘာဝ အမှန်တရားပါ။ တရားမျှတခြင်း၊ မမျှတခြင်း နဲ့ မဆိုင်ပါဘူး။ အပမာဒေါ အမတံ ပဒံ ဆိုတာ သဘာဝ အမှန်တရားပါ။ တရားမျှတခြင်းလို့ ပြောလို့ မရသလို၊ တရားမျှတမှု မရှိခြင်းရဲ့ပြောင်းပြန် မဟုတ်တာလည်း ရှင်းလှပါတယ်။
မေးခွန်းရှင်ပြောသလို သတိပဌာန်၊ အာနာပါန စသည် အားထုတ်တာဟာ တရားတဲ့ လုပ်ရပ်ရော၊ မတရားတဲ့ လုပ်ရပ် ရော မရှိဆိုတာ မှန်ပါတယ်။ ဒီအားထုတ်မှု တွေဟာ အမြင့်ဆုံး အသိဥာဏ်ဖြစ်တဲ့ နိဗ္ဗန်ကို ရဖို့ အားထုတ် ကြိုးပမ်းရတဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ် (သဘာဝ အမှန်တရား) မျှသာ ဖြစ်ပါတယ်။
အချုပ် ဆိုရရင် ဓမ္မတရားရဲ့ အဓိပ္ပါယ်ကို (မြတ်စွာဘုရားရှင် ဟောကြားခဲ့သော) သဘာဝ အမှန်တရားများ လို့ မှတ်ယူ စဉ်းစားကြည့်ခြင်းဖြင့် မေးခွန်းရှင်၏ သံသယ အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်ပါတယ်။
ဒုတိယ မေးခွန်းက သူ့ အသက် မသတ်ရဆိုတဲ့ သီလဟာ ဘယ်လိုမှ လိုက်နာလို့ မဖြစ်နိုင်လို့ သဘာဝ မကျဘူးလို့ မြင်ပြီး လက်မခံနိုင် ဖြစ်နေတယ် လို့ နားလည်ပါတယ်။ ဒီနေရာမှာလည်း မေးခွန်းရှင်က မသတ်ရတာနဲ့ မသေစေရဆိုတာ ကို ရောထွေးသွားတာပါ။ သူ့ အသက်သတ်ရင် အပြစ် ဖြစ်တယ် ဆိုတာနဲ့ သူ့အသက် သေစေခဲ့ရင် အပြစ် ဖြစ်တယ် ဆိုတာနဲ့ မတူပါဘူး။
မြတ်စွာဘုရားရှင်က သူ့ အသက်သတ်တာဟာ အကုသိုလ်ဖြစ်တယ်လို့ သဘာဝအမှန်တရားကိုသာ ဟောကြားခဲ့ တာပါ။ မည်သည့်သတ္တဝါမှ မသေစေရလို့ မပြောခဲ့ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ မိမိတို့ရဲ့ အမှုကြီးငယ်တွေကို လုပ်ကိုင် ဆောင်ရွက်ရင်း မလွှဲမရှောင်သာ သတ္တဝါ အချို့ သေဆုံးရတာဟာ သူ့အသက်သတ်ခြင်း မဟုတ်ဘူးဆိုတာ အတော်ရှင်း ပါတယ်။ လူနာကို ကျန်းမာလာဖို့ ဆေးထိုးတာဟာ ငှက်ဖျားပိုးတွေကို သတ်တာမဟုတ်ပါဘူး။ မတူပါဘူး။ ကျန်းမာဖို့၊ သန့်ရှင်း ဖို့ ရည်ရွယ်ပြီး ခြုံရှင်း၊ မြောင်းတူး၊ မြေဖို့တာပါ။
ခြင်တွေကို လိုက်သတ်တာ မဟုတ်ပါဘူး။ မတူပါဘူး။ ချွင်းချက်လေးတွေတော့ ရှိတာပေါ့ဗျာ။ စိတ်စေတနာပေါ်မှာလည်း မူတည်တာပေါ့။ လူသားတွေ ကျန်းကျန်းမာမာ ရှိဖို့ဆိုရင် ကုသိုလ်စိတ်ပါ။ ကုသိုလ် ပဲဖြစ်မှာပါ။ ဒီခြင်တွေ သေစမ်းကွာဆိုတဲ့ ဒေါသစိတ်၊ မုန်းတီးစိတ်ကြီးနဲ့ ဆိုရင်တော့လည်း အကုသိုလ်ပေါ့ဗျာ။
မိမိ လုပ်ကိုင်ဆောင်ရွက်တဲ့ ပယောဂနဲ့ သတ္တဝါတွေ သေကြရတာကိုပဲ သူ့အသက်သတ်ခြင်းလို့ မှားယွင်း မယူဖို့ပါ။ ဆရာဝန်တွေက ရောဂါပိုးတွေကို သတ်နေကြတာ လို့မြင်ရင် သဘာဝမကျပါဘူး။ လူသားတွေ ကျန်းမာအောင် ဆောင်ရွက်ခြင်း လို့သာ မြင်ရမှာပါ။ ဒီလိုဆောင်ရွက်ရာမှာ ရောဂါပိုးမွှားများ မလွှဲမရှောင်သာ သေကြေသွားကြခြင်းလို့သာ
မြင်ရမှာပါ။
ဒေါသအလျောက် သတ္တဝါ အချို့ကို သတ်ဖြတ်မိခဲ့ရင်လည်း ဒါဟာ ကုစားမရတဲ့ အကုသိုလ်တော့ မဟုတ်ပါဘူး။ သေ ကြေသွားတဲ့ သတ္တဝါရဲ့ ဂုဏ်ကိုလိုက်ပြီး အပြစ်အကြီးအသေး ကွာခြားတာကိုလည်း မေးခွန်းရှင်လက်ခံနိုင်မယ်ထင်ပါတယ်။ အင်္ဂုလိမာဠ လို လူ့အသက် အတော်များများ သတ်ခဲ့ပေမယ့် ကျွတ်တမ်းဝင်နိုင်ခဲ့တာကိုလည်း ဆင်ခြင်ကြည့်စေလိုပါတယ်။ ဒါဆိုရင်တော့ သတ္တဝါတွေရဲ့ အသက်ကို သတ်ရင် အပြစ်ဖြစ်တယ် ဆိုတာကို လက်ခံနိုင်မယ်လို့ ထင်ပါတယ်။အရေးအကြီးဆုံးက သတ်ဖြတ်တာနဲ့၊ မလွှဲမရှောင်သာ သေကြေသွားကြတာ ကို မရောထွေးသွားဖို့ပါခင်ဗျား။
နံပါတ် (၃) မေးခွန်းမှာကတော့ မြတ်စွာ ဘုရားရှင်ကို အရာအားလုံးကို သိနိုင်သူ၊ အတုမရှိ တန်ခိုးရှင် အဖြစ် လက်မခံ နိုင်ဘဲ၊ တရားအားလုံး ကို သိသူ အဖြစ်သာ မြင်မိကြောင်း၊ ဒါမှလဲ အခြား ဘာသာခြားများပါ ပိုမိုလက်ခံနိုင်ပါမယ် လို့ မြင်ကြောင်း ဆိုထားပါတယ်။ အမှန်မှာ တော့ တရားအားလုံး ကို သိတယ် ဆိုခဲ့ရင်လဲ သဘာဝ အမှန်တရားများ အားလုံးကို သိတာဖြစ်လို့ အရာအားလုံးကို သိတာ လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။ အချို့ အကြောင်းအရာ များဟာ လူတိုင်း လက်ခံနိုင်တာ၊ လက်မခံနိုင်တာ က အဓိက မကျပါဘူး။ အသိ၊ အကျင့်နဲ့ ပြည့်စုံတဲ့၊ အသိဥာဏ် ကြီးသူတွေ လက်ခံနိုင်၊ လက်မခံနိုင်က ပိုအရေး ကြီးတယ်လို့ ထင်ပါတယ်။ လူအများစု ဥာဏ်မမှီတဲ့ အမှန်တရားတွေ ရှိနိုင်ပါတယ်။ နှစ်ဆယ်ရာစုရဲ့ အထူးချွန်ဆုံး ပညာရှင် တစ်ဦးဖြစ်တဲ့ အိုင်းစတိုင်း ရဲ့ ယေဘုယျ သီအိုရီ ပေါ်ထွက်ခါစ မှာ လက်ခံ နားလည်တာ နှစ်ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုတော့ သိပ္ပံ အခြေခံရှိသူ အားလုံး လက်ခံလာကြပါပြီ။ မူလတန်းကျောင်းသားလေး တစ်ဦးဟာ အထက်တန်း ဆင့် မှာ သင်တဲ့ အကြောင်းအရာ တွေဟာ ခက်ခဲရှုတ်ထွေးလွန်းလို့ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပြောတာနဲ့များ ဥပမာပြု နိုင်မလား လို့ စဉ်းစား ရှုမြင်မိပါတယ်။
အနှစ်ချုပ် ပြန်ပြောရရင် .. .. ဓမ္မတရားဆိုတာ သဘာဝ အမှန်တရားပါ။ သူ့ အသက်သတ်တာနဲ့ သူ့အသက် သေသွား တာ မတူပါဘူး။ ဥာဏ်မမှီ နိုင်သေးတဲ့ အမှန်တရား၊ အကြောင်းအရာတွေ ရှိနိုင်ပါတယ်။ မေးခွန်းရှင်နဲ့ မေးခွန်းရှင်ကဲ့သို့ တွေးတောစဉ်းစားမိသူများ အမြင်ရှင်းစေ လိုသည့် စေတနာဖြင့် …. … ။
Myanmar Express
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ဝိပဿနာရှုချင်အောင်စိတ်ကိုအားပေးနည်း
ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။
“ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့”
ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။
ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)
(ဘာသာပြန်)
ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။
အပါယ်လေးပါး၌တရားအားထုတ်ခွင့်မရ
တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။
ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။
အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။
မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
“စိတ္တသူကြွယ် ဝတ္ထု”
မြတ်စွာဘုရား လက်ထက်တော်တုန်းက သာဝတ္ထိမြို့နဲ့ မိုင်ပေါင်း သုံးရာကျော် ဝေးတဲ့ မစ္ဆိကာသဏ္ဌမြို့လေး တခုမှာ ‘စိတ္တ’ အမည်ရတဲ့ သူကြွယ်တယောက် ရှိပါတယ်။ ပဉ္စဝဂ္ဂီ ငါးပါးထဲမှာ ပါဝင်တဲ့ မဟာနာမ (မဟာနာမ်) ထေရ်ရဲ့ တပည့်ရင်းပါ။ မဟာနာမ်မထေရ်ထံမှ တရားနာယူ ရလို့ သောတာပန် တည်ခဲ့တဲ့ သူကြွယ် ဖြစ်ပါတယ်။ သောတာပန် တည်ပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းကြီးကြီး ဆောက်လှူထားတဲ့ ကျောင်းဒကာကြီးလည်း ဖြစ်ပါတယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန် အဂ္ဂသာဝက နှစ်ပါး အဲဒီ မြို့လေးကို ကြွလာတဲ့အခိုက် ရှင်သာရိပုတ္တရာထံမှ တရားနာရလို့ အနာဂါမ် တည်ခဲ့ပါတယ်။ အနာဂါမ် ကျောင်းဒကာကြီးပေါ့။
တနေ့မှာ စိတ္တသူကြွယ်ဟာ “ငါဟာ ဘုရားမဖူးရသေးခင် သောတာပန် တည်ခဲ့တယ်။ နောက်ထပ် တခါ အနာဂါမ် တည်ခဲ့ပြန်တယ်။ မြတ်စွာဘုရားထံ ဘုရားဖူးသွားမှ သင့်တော်မယ်” ဆိုပြီး ဘုရားဖူးချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက် လူသုံးထောင်စာ အတွက် စားနပ်ရိက္ခာ အပြည့်အစုံတင်ပြီး လှည်းငါးရာနဲ့ ခရီးထွက်ခဲ့ပါတယ်။ ရဟန်းအမျိုးသားက ငါးရာ၊ ရဟန်းအမျိုးသမီးက ငါးရာ၊ ဒါယကာ ငါးရာ၊ ဒါယိကာမ ငါးရာ၊ တပည့်များက ငါးရာ၊ တပည့်မများက ငါးရာ။ အားလုံး ဘုရားဖူးပရိသတ် သုံးထောင်နဲ့ ခရီးထွက်ခဲ့ပါတယ်။ စိတ္တသူကြွယ်ရဲ့ ဘုန်းကံကြောင့် နတ်ဒေဝါတွေဟာ ဆယ်မိုင် ခရီးတထောက်ခန့်မှာ သစ်ခက်မဏ္ဍပ်တွေ ဆောက်ပြီး စားဖွယ်သောက်ဖွယ်တွေနဲ့ ကြိုဆို ဧည့်ခံခဲ့ကြပါတယ်။ ရဟန်းရှင်လူ သုံးထောင်ကျော်ဟာ နတ်သြဇာတွေ စားသုံးရလို့ တဦးတယောက်မှ အာဟာရ အတွက် မကြောင့်ကြခဲ့ရပါဘူး။ ဒီလိုနဲ့ တရက်ကို ဆယ်မိုင်ကျော် ခရီးထွက်ခဲ့တာ ရက်ပေါင်း သုံးဆယ်မှာ အကြိမ်ပေါင်း သုံးဆယ် နတ်သြဇာတွေ စားသောက်ခဲ့ရလို့ ပါလာတဲ့ စားနပ်ရိက္ခာတွေကို လက်နဲ့တောင် ထိကြည့်ခွင့် မရခဲ့ကြဘူးတဲ့။ လှည်းငါးရာနဲ့ ပြည့်ပြည့်နေလို့ အရာတောင် မယွန်းခဲ့ကြပါဘူးတဲ့။ ခရီးတလျှောက်လုံးမှာ နတ်တွေ လူတွေ ဆက်သတဲ့ လက်ဆောင်ပဏ္ဏာတွေကို တဆင့် ပြန်လည် ပေးကမ်း စွန့်ကြဲ လှူဒါန်းနိုင်ခဲ့ပါသတဲ့။
စိတ္တသူကြွယ် ဇေတဝန် ကျောင်းတော် မရောက်ခင်မှာ မြတ်စွာဘုရားက ရှင်အာနန္ဒာကို “ချစ်သား အာနန္ဒာ – ယနေ့ ညနေချမ်းမှာ စိတ္တသူကြွယ် ဘုရားဖူးလာလိမ့်မယ်။ အဲဒီအခါမှာ မဖြစ်ဖူးမြဲ ထူးကဲ ဆန်းကြယ်တဲ့ အံ့ဖွယ် တန်ခိုး ပြာဋိဟာတွေ ဖြစ်ပေါ်လိမ့်မယ်” လို့ မိန့်တော်မူပါတယ်။ ဒီသတင်းစကားဟာ သာဝတ္ထိ တမြို့လုံးကို ပျံ့နှံ့သွားပြီး မြို့သူ မြို့သားတွေဟာ ကောင်းမှု ဘုန်းကံနဲ့ ပြည့်စုံတဲ့ စိတ္တသူကြွယ်ကို ဖူးတွေ့ချင်လွန်းလို့ လက်ဆောင်ပဏ္ဏာ ကိုယ်စီ ယူလာပြီး စောင့်ကြိုနေကြပါတယ်။ ခုခေတ် ခုအခါမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးကို ရဟန်းရှင်လူ ပြည်သူလူထု ကျောင်းသူ ကျောင်းသားပါ မကျန် လမ်းဘေးဝဲယာမှာ စီတန်း ကြိုဆို ဖူးမြော် ကြည်ညိုကြသလိုမျိုးနဲ့ ကြိတ်ကြိတ်တိုး ကြိုဆိုကြပါတယ်။ ပရိသတ်နှင့် အတူ စိတ္တသူကြွယ် ရောက်လာပြီး ရောင်ခြည်တော် ခြောက်သွယ်နဲ့ တင့်တယ်တော်မူတဲ့ မြတ်စွာဘုရားရဲ့ ခြေဖမျက်တော် အစုံကို ရိုသေစွာ လက်ဖြင့် ကိုင်ယူ ရှိခိုး ဦးချလိုက်ချိန်မှာ အဆင်းငါးမျိုးနဲ့ ပြည့်စုံတဲ့ နတ်ပန်းမိုးတွေ ရွာသွန်းချလိုက်တာ ပန်းပုံကြီးဟာ လူတွေရဲ့ ဒူးဆစ်အထိ ထူထပ်သွားပါတယ်။ ဇေတဝန်ကျောင်း တဝန်းလုံး ပန်းမွှေ့ရာ ပန်းကော်ဇောတွေ ခင်းထားသလို လှပ မွှေးကြိုင် တင့်တယ် သွားပါတယ်။ လာရောက် ဖူးမြင်တဲ့ ပရိသတ်ကြီးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်လိုက်တာ ဘဝဂ်ထိအောင် မြည်ဟီးသွားပါတယ်။ သာဓုခေါ်တဲ့ ပရိသတ်က ဘယ်လောက် များလည်း ဆိုရင် သာဓုခေါ်သံ သုံးကြိမ်ဟာ အကြိမ်တ်ထောင် ပဲ့တင်ထပ်နေပါသတဲ့။
ဒီလိုနဲ့ စိတ္တသူကြွယ်ဟာ တလလုံးလုံး ဘုရားအမှူး ရှိတဲ့ သံဃာတော်တွေကို အလှူကြီး ပေးလှူပါတယ်။ ပါလာတဲ့ ဒါယကာ ဒါယိကာမတွေ တပည့်တပန်းတွေကလည်း ဝေယျာဝေစ္စ ကုသိုလ်ယူရင်း သံဃာတော်တွေကို ပူဇော် လှူဒါန်းကြပါတယ်။ ဒီတလလုံးလုံး အလှူကြီး ပေးလှူတဲ့ လှူဖွယ်ဝတ္ထုတွေဟာ နတ်တွေ လူတွေ ဆက်သကြတဲ့ လက်ဆောင်ပစ္စည်းတွေသာ ဖြစ်ပါတယ်။ အိမ်ကနေ လှည်းငါးရာနဲ့ တင်ယူလာခဲ့တဲ့ လှူရန်ပစ္စည်းတွေကို လက်နဲ့တောင် တို့ထိ မကြည့်ရသေးပါဘူး။ ဒီအခါ စိတ္တသူကြွယ်က “မြတ်စွာဘုရား ဒီဇေတဝန် ကျောင်းတိုက်မှာ တပည့်တော်ဟာ တစ်နှစ်ပတ်လုံး နေပြီး အလှူလုပ်သော်လည်း လှူဖို့ ရည်ရွယ်ပြီး ယူလာတဲ့ ပစ္စည်းဝတ္ထုတွေကို လှူခွင့် ရတော့မှာ မဟုတ်ပါ။ လှည်းငါးရာနဲ့ ယူဆောင်လာတဲ့ လှူဖွယ် ပစ္စည်းတွေကို တ်နေရာမှာ စုပုံချထားပြီး လှူဒါန်းခဲ့ချင်ပါတယ်။ တပည့်တော်အား နေရာလပ် တခု ညွှန်ပြတော်မူပါ”လို့ လျှောက်ထားပါတယ်။ မြတ်စွာဘုရားက ရှင်အာနန္ဒာကို ညွှန်ပြခိုင်းတဲ့ နေရာလွတ် တခုမှာ လှူဖွယ်ဝတ္ထုများ စုပုံလှူထားပြီး စိတ္တသူကြွယ်ဟာ ပရိသတ် သုံးထောင်နဲ့ အတူ မစ္ဆိကာသဏ္ဍမြို့ကို ပြန်သွားခဲ့ပါတယ်။ စိတ္တသူကြွယ် ပြန်သွားတဲ့အခါ လှူရန်တွေ တင်ယူလာတဲ့ လှည်းတွေဟာ အခွန်တွေ အလွတ်တွေချည်း ဖြစ်နေလို့ နတ်တွေ လူတွေဟာ “ဒီလို ဘုန်းရှင် ကံရှင်မျိုး လှည်းအခွန်ကြီးတွေနဲ့ ပြန်သွားလို့ မသင့်တော်ဘူး” ဆိုပြီး လက်ဆောင်ပဏ္ဏာတွေ တင်လှူကြလို့ လှည်းငါးရာ ရတနာ ခုနစ်ပါးနဲ့ ပြည့်သွားပါသတဲ့။
စိတ္တသူကြွယ် ပြန်သွားတဲ့ အခါ ရှင်အာနန္ဒာက မြတ်စွာဘုရားအား အခုလို လျှောက်ထားပါတယ်။
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း။ ရှင်တော်မြတ်ဘုရားတို့၏ ထံတော်မှောက်သို့ လာရောက် ဆည်းကပ်သော်သာလျှင် စိတ္တသူကြွယ်အား ဤသို့သော လာဘ်ပူဇော် သက္ကာရသည် ဖြစ်ရပါသလော၊ သို့တည်းမဟုတ် တပါးသော အရပ်သို့ သွားရောက်သော်လည်း ဤသို့ သဘောရှိသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်နိုင်ပါသလော”
ထိုအခါ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ – ငါဘုရား၏ အထံသို့ လာသော်လည်းကောင်း၊ အရပ်တပါးသို့ သွားသော် လည်းကောင်း၊ ထိုသူကြွယ်အား ဤသို့ သဘောရှိသော ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း”
“ဤဥပါသကာ ဒါယကာကား ယုံကြည်ခြင်း သဒ္ဓါဂုဏ် ရှိ၏။ ကြည်ညိုခြင်း ပသန္နဂုဏ် ရှိ၏။ အပြည့်အစုံ သင်းထုံသော သီလဂုဏ် ရှိ၏၊ ဤသို့ သဘော ရှိသော ပုဂ္ဂိုလ်သည် အကြင် အကြင် အရပ်သို့ ချဉ်းကပ် သွားလာ၏။ ထိုထို အရပ်၌ပင် ထိုသူ့အား လာဘ်ပူဇော် သက္ကာရသည် ဖြစ်ပေါ်လာရ၏” လို့ မိန့်တော်မူပါတယ်။
ဆိုလိုရင်းကတော့ အနာဂါမ် အရိယာ ဖြစ်တဲ့ စိတ္တသူကြွယ်ဟာ မြတ်စွာဘုရား ထံတော်မှောက်သို့ လာသည်ဖြစ်စေ၊ တပါးသော အရပ်သို့ သွားသည်ဖြစ်စေ၊ ယုတ်စွအဆုံး ဟိမဝန္တာလို လူသူမနီးတဲ့ တောကြီးမျက်မည်းထဲသို့ သွားသည်ဖြစ်စေ၊ လူသူ အရောက်အပေါက် မရှိတဲ့ အာဖဂန် တောင်ကတုံးတွေလို နေရာမျိုးကို သွားသည်ဖြစ်စေ၊ လူတွေက နိမိတ်မရှိ၊ မင်္ဂလာ မရှိလို့ သတ်မှတ်ထားတဲ့ သူသေကောင်မြှုပ်ရာ သုသာန် တစပြင်သို့ သွားသည်ဖြစ်စေ၊ အခုလို မွန်မြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေ၊ ရတနာ ရွှေငွေတွေနဲ့ ပူဇော် ဆက်သခံရမှာ အမှန်ပဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အတိတ်ဘဝက ရှေးကောင်းမှုကံနဲ့ ပြည့်စုံလို့ ခုဘ၀မှာ သဒ္ဓါဂုဏ်၊ ပသန္နဂုဏ်၊ သီလဂုဏ်နဲ့ ပြည့်စုံလို့ပဲ ဖြစ်တယ်။
“အရိပ်ပမာ မခွဲခွာ”
ရှေးရှေးဘဝတွေမှာ ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေဟာ နွားခြေရာနောက်ကို နွားလှည်းဘီးက ထပ်ကြပ်မကွာ လိုက်သလို သတ္တဝါတွေကို နောက်ကနေ ထက်ကြပ်မကွာ လိုက်ပြီး နှိပ်စက်တတ်ပါတယ်။ ရှေးရှေးဘဝတွေတုန်းက လေ့လာ ဆည်းပူးခဲ့တဲ့ ကုသိုလ်ကံတွေကတော့ အရိပ်ပမာ မခွဲခွာဘဲ အမြဲတမ်း ကာကွယ် စောင့်ရှောက် ထောက်ပံ့ ကူညီနေပါတယ်။ စိတ္တသူကြွယ် ရောက်လေရာ အရပ်မှာ လာဘ်လာဘ ပေါများတာ၊ နတ်လူတွေရဲ့ ပူဇော်မှုကို ခံရတာတွေဟာ အတိတ်ကံကြောင့်ပါ၊ ဘုရားရှင်ကြောင့် မဟုတ်ပါဘူး။ ဘုရားထံ လာလို့ မဟုတ်ပါဘူး။ ဘုရားထံ မလာလည်း ပူဇော်ခံရမှာပါပဲ။ ယုတ်စွအဆုံး သုသာန်သွားလည်း ပူဇော်ခံရမယ့် ကံပါက ပူဇော်ခံရမှာပဲ ဖြစ်တယ်။
ဒါကြောင့် ကုသိုလ်ကံတွေဟာ မိတ်ဆွေထက် သစ္စာရှိသူတွေ ဖြစ်တယ်။ မိတ်ဆွေထက် ကျေးဇူးပြုတတ်သူ၊ မိတ်ဆွေထက် အလုပ်အကျွေး ပြုတတ်သူ၊ ချစ်သူထက် နွေးထွေး လုံခြုံစေသူ၊ ချစ်သူထက် ကြင်နာ ယုယတတ်သူတွေ ဖြစ်တယ်။ ကုသိုလ်ကံထက် ကောင်းသော မိတ်ဆွေ ကုသိုလ်ကံထက် ချစ်သော ချစ်သူဆိုတာ လောကမှာ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် မိတ်ဆွေရင်း မိတ်ဆွေစစ်၊ ချစ်သူရင်း ချစ်သူစစ်၊ မိတ်ဆွေကောင်း မိတ်ဆွေစစ်၊ ချစ်သူကောင်း ချစ်သူစစ်ဖြစ်တဲ့ ကုသိုလ်ကံတွေကို အသက်ထက်ဆုံး ဆည်းပူးကြရမယ်။ ဒါမှသာ သံသရာ အဆက်ဆက်မှာ မိတ်ဆွေကောင်း၊ ချစ်သူစစ်နဲ့ တွေ့ဆုံပြီး လူနတ်ချမ်းသာ ခံစားရမှာ ဖြစ်တယ်။
“စိတ္တသူကြွယ်ရဲ့ အတိတ်ဆုတောင်း”
စိတ္တသူကြွယ်ရဲ့ အတိတ်ကံကို ရှင်အာနန္ဒာက မေးလျှောက်တဲ့ အတွက် မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။ စိတ္တသူကြွယ်ဟာ ကဿပ မြတ်စွာဘုရား ပွင့်တော်မူစဉ် အခါတုန်းက မုဆိုးတယောက် ဖြစ်ခဲ့တယ်။ တနေ့ တောထဲမှာ တရားကျင့်နေတဲ့ ရဟန်းတပါးကို ကြည်ညိုသဒ္ဓါ ပွားမိသွားတယ်။ အဲဒီအချိန်မှာ တောင်ဝှမ်းထဲက လှိုဏ်ဂူထဲမှာ ရဟန်းတော်ဟာ တပါးတည်း ဧကစာရီ ကျင့်သုံးပြီး တရား အားထုတ်နေခြင်း ဖြစ်တယ်။ ဒါနဲ့ အိမ်ပြန်လာပြီး ဆွမ်း၊ ဆွမ်းဟင်းကို ကိုယ်တိုင် ချက်ပြုတ်ပြီး တရားကျင့်နေတဲ့ ရဟန်းတော်ကို လှူဖို့လည်း ပြင်ဆင်၊ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တွေကို ကိုယ်တိုင်လည်း ဆွမ်းလောင်း၊ တခြား အိမ်နီးချင်းတွေကိုလည်း ဆွမ်းလောင်းဖို့ ဆော်သြခဲ့တယ်။ သူကိုယ်တိုင် ချက်ပြုတ် စီမံထားတဲ့ ဆွမ်း၊ ဆွမ်းဟင်းတွေကို ထုပ်ပိုးပြီး တောထဲကို ပြန်လာခဲ့တယ်။ လမ်းခရီးမှာ အဆင်းမျိုးစုံနဲ့ လှပနေတဲ့၊ ရနံ့မျိုးစုံနဲ့ မွှေးကြိုင် သင်းပျံ့နေတဲ့ ပန်းမျိုးစုံကို ဆွတ်ခူး ယူဆောင်လာခဲ့တယ်။ တရားကျင့် ရဟန်းတော်ထံ ရောက်တဲ့အခါ ရဟန်းတော်ရဲ့ သပိတ်ထဲကို ဆွမ်းတွေ လောင်းထည့်လှူ၊ ပန်းမျိုးစုံနဲ့လည်း ရဟန်းတော် မထေရ်မြတ်ကို ပူဇော်ခဲ့တယ်။ အဲဒီလို လှူဒါန်း ပူဇော် အပြီးမှာ “ဘုရား တပည့်တော်၏ ပန်းပူဇော်ခြင်း နှင့်တကွ အရသာ ရှိလှသော ဤဆွမ်းသည် စိတ်ကို နှစ်သက်စေနိုင်ဘိ သကဲ့သို့ ဤအတူ ဖြစ်တိုင်း ဖြစ်တိုင်းသော ဌာန၌ လက်ဆောင် ပဏ္ဏာကာရ တထောင်မျှလောက်သည် ရောက်လာ၍ တပည့်တော်၏ စိတ်ကို နှစ်သက်စေလျက် ငါးပါးသော အဆင်း ရှိသော ပန်းမိုးရွာခြင်းဖြင့်လည်း ရွာပါစေသတည်း” လို့ စိတ္တသူကြွယ်လောင်း သားမုဆိုးက ဆုတောင်းခဲ့တယ်။
အဲဒီနောက် သားမုဆိုးဟာ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှု ပြုပြီး ကွယ်လွန်တဲ့အခါမှာ နတ်ပြည် ရောက်ရတယ်။ နတ်ပြည် ရောက်တဲ့အခါမှာလည်း ဒူးဆစ်လောက် ထူအောင် နတ်ပန်းမိုးတွေ ရွာသွန်းပြီး နတ်ဒေဝါတို့ရဲ့ ပူဇော်မှုကို ခံယူခဲ့ရတယ်။ ခုဘဝမှာလည်း စိတ္တသူကြွယ် ဖွားတဲ့နေ့၊ ဘုရားထံမှောက် ရောက်တဲ့နေ့တွေမှာ နတ်ပန်းမိုးတွေ ရွာဖြိုးခြင်း၊ နတ်လူတို့ရဲ့ လက်ဆောင်ပဏ္ဏာကို ခံယူရခြင်း၊ ရတနာ ခုနစ်ပါးဖြင့် ပူဇော်ခံရခြင်းတွေဟာ ကဿပ မြတ်စွာဘုရား လက်ထက်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးဆက်တွေ ဖြစ်တယ်တဲ့။
“အကျိုးရင်းနဲ့ အကျိုးဆက်”
တကယ်တော့ စိတ္တသူကြွယ် လှူခဲ့ရတဲ့ အလှူဒါနက ကြီးကြီးကျယ်ကျယ် မဟုတ်လှပါဘူး။ ဆွမ်းတနပ်နဲ့ ပန်းတဆုပ်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးပေးတဲ့ အခါမှာတော့ ညောင်စေ့ကလေးကနေ ညောင်ပင်ကြီး ပေါက်သလိုပါပဲ။ အံ့သြ လောက်အောင်ကို အကျိုးပေးတာပါ။ အဲဒါကတော့ အလှူခံပုဂ္ဂိုလ် ဖြစ်တဲ့ မထေရ်မြတ်ကလည်း စင်ကြယ်။ အလှူပေး ပုဂ္ဂိုလ်ကလည်း စေတနာ သဒ္ဓါတရား အလွန်ကောင်း၊ လှူဖွယ်ဝတ္ထုကလည်း မွန်မြတ်ပြီး၊ လိုချင်တဲ့ဆုကို တိုက်ရိုက် ဆုတောင်းခဲ့လို့ ဖြစ်ပါတယ်။
ဆွမ်းတနပ်နဲ့ ပန်းတဆုပ် လှူခဲ့ရတဲ့ ကုသိုလ်၊ အသက်ထက်ဆုံး ကောင်းမှုကုသိုလ်ကိုသာ ဆည်းပူးခဲ့တဲ့ ကုသိုလ်တွေကြောင့် သားမုဆိုးဟာ နတ်ပြည် လားခဲ့ရတယ်။ နတ်ပြည် လားရခြင်း၊ နတ်ပြည်မှာ နတ်ပန်းမိုး ရွာခြင်းတွေဟာ မုဆိုးဘဝက ပြုခဲ့တဲ့ ဆွမ်းတနပ်နဲ့ ပန်းတဆုပ် ကုသိုလ်ရဲ့ အကျိုးရင်း ဖြစ်ပါတယ်။ ခုဘဝ လက်ခံ ရရှိတဲ့ ကံကောင်းခြင်း လက်ဆောင်တွေ၊ နတ်ပန်းမိုးတွေကတော့ မုဆိုးဘဝက ဆွမ်းတနပ် ပန်းတဆုပ် ကုသိုလ်ရဲ့ အကျိုးဖျား(အကျိုးဆက်) သာ ဖြစ်ပါတယ်။
ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကျိုးပေးပြီ ဆိုရင် တခုတည်း တဘဝတည်း တခါတည်း အကျိုးပေးတာ မဟုတ်ပါဘူး၊ အကျိုးရင်းနဲ့ အကျိုးဖျား (အကျိုးဆက်) ရယ်လို့ သီးခြားစီ အကျိုးပေးတတ်ပါတယ်။ မဟာကာလ ဥပါသကာလောင်းလျာ တောခေါင်းဘဝက ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံကြောင့် အဝီစိငရဲ ကျတာဟာ အကုသိုလ်ကံရဲ့ အကျိုးရင်း ဖြစ်တယ်။ “ဝဋ်မှာ အမြဲ ငရဲမှာ အပ” ဆိုတာလို ငရဲမှ ကင်းပ လွတ်မြောက်ပြန်တော့လည်း ဘဝတရာ တိတိမှာ အခုလို သူခိုး စွပ်စွဲပြီး ရိုက်သတ်ခံခဲ့ရတာတွေဟာ အကုသိုလ်ကံရဲ့ အကျိုးဖျား (အကျိုးဆက်) တွေ ဖြစ်ပါတယ်။
“ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ” “ကံမရှိ ဉာဏ်ရှိတိုင်း မွဲ” စတဲ့ စကားပုံတွေဟာ အကုသိုလ်ကံရဲ့ အကျိုးဆက်တွေကို သရုပ်ဖော်နေတဲ့ စကားပုံတွေပဲ ဖြစ်တယ်။ “နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်” “လက်ညှိုးညွှန်ရာ ရေဖြစ်” “ဆေးစက်ကျရာ အရုပ်ထင်” “ရာဇပလ္လင် ဖင်ကပ်ပါလာသူ” “ဘုန်းနှင့်ကံနှင့် ရွှေသဇင်” စတဲ့ စကားပုံတွေဟာ ဘုန်းရှင်ကံရှင် ကံထူးရှင်တွေရဲ့ အတိတ်ဘဝက ကုသိုလ်ကံ အကျိုးဆက်တွေကို ဖော်ပြနေခြင်း ဖြစ်တယ်။ တကယ်တော့ ကံတွေဟာ ကြောက်စရာလည်း ကောင်းပါတယ်။ ခင်စရာလည်း ကောင်းပါတယ်။ မုန်းစရာလည်း ကောင်းပါတယ်။ ချစ်စရာလည်း ကောင်းပါတယ်။ ရန်သူ့ထက် ရက်စက်တော့လည်း သူပဲ။ မိတ်ဆွေထက် ကြင်နာတော့လည်း သူပဲ။ မုန်းသူထက် ဆိုးပြန်တော့လည်း သူပဲ။ ချစ်သူထက် ကောင်းပြန်တော့လည်း သူပဲ။ တိရစ္ဆာန်ထက် ယုတ်မာ ကောက်ကျစ်တော့လည်း သူပဲ။ လူတွေထက် ရိုးသား ဖြူစင်တော့လည်း သူပဲ။ ဒီကံတွေကို လူတွေက ဖန်တီးခဲ့တယ်။ ဒီကံတွေ ဖန်တီးအောင် လူတွေကို စိတ်က လွှမ်းမိုးခဲ့တယ်။ စိတ်က ကံကို မွေးဖွားပြီး၊ ကံက အကောင်း အဆိုးတွေကို မွေးဖွားခဲ့တယ်။ ကံသာလျှင် မိတ်ဆွေ၊ ကံသာလျှင် ရန်သူ၊ ကံသာလျှင် ချစ်သူ၊ ကံသာလျှင် မုန်းသူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်မိတ်ဆွေ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်ရန်သူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်မုန်းသူ၊ ကိုယ့်စိတ်သာလျှင် ကိုယ့်ချစ်သူပဲ ဖြစ်တယ်။
ဒါကြောင့် မုန်းသူထက် ယုတ်မာပြီး၊ ရန်သူထက် ရက်စက်တတ်တဲ့ အကုသိုလ်ကံတွေကို ရှောင်ရှားပြီး၊ ချစ်သူထက် ယုယပြီး၊ မိတ်ဆွေထက် ကောင်းကျိုးပြုတတ်တဲ့ ကုသိုလ်ကံတွေကို အသက်ထက်ဆုံး ဆည်းပူးကြရမယ်။ စိတ်ယုတ်မာတွေကို ဖယ်ရှားပြီး၊ စိတ်ကောင်း စိတ်မြတ်တွေ မွေးမြူကြရမယ်။ ဒါမှသာ သံသရာ တလျှောက်မှာ ခါးသီးတဲ့ လောကဓံမျိုးနဲ့ မကြုံဆုံရတော့ဘဲ၊ ဘဝ စည်းစိမ်တွေကို ချိုမြိန်စွာ ခံစားရမှာ ဖြစ်တယ်။
“ရောက်လေရာ အရပ်မှာ ပူဇော်ခံရသူ”
စိတ္တသူကြွယ်နဲ့ ပတ်သက်လို့ ရှင်အာနန္ဒာကို မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတပုဒ် ရှိပါတယ်။
သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂ သမပ္ပိတော။
ယံယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။
သဒ္ဓါတရားရှိသော၊ သီလနှင့် ပြည့်စုံသောသူသည်၊ ကျော်ဇောသတင်း ရှိသည် ဖြစ်၍၊ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံသည် ဖြစ်၍၊ အကြင်အကြင် အရပ်သို့ ချဉ်းကပ် သွားလာ၏။ ထိုထို အရပ်၌သာလျှင်၊ ပူဇော်အပ်သည် ဖြစ်၏။ ( စိတ္တဂဟပတိ ဝတ္ထု။ ဓမ္မပဒ၊ ၃၀၂)
သဒ္ဓေါ = လောကီ သဒ္ဓါတရား၊ လောကုတ္တရာ သဒ္ဓါတရားနဲ့ ပြည့်စုံမယ်။
သီလ = လူ့သီလ (သို့) ရဟန်းသီလနဲ့ ပြည့်စုံမယ်။
ယသ = အနာထပိဏ် ဝိသာခါတို့လို အခြွေအရံတွေနဲ့ ပြည့်စုံမယ်။
ဘောဂ = စိန် – ရွှေ – ငွေ စတဲ့ လောကီရတနာ ဥစ္စာတွေ၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတပ္ပ ဆိုတဲ့ သူတော်ကောင်း ဥစ္စာတွေနဲ့ ပြည့်စုံမယ်ဆိုရင် ဘယ်အရပ်ကိုပဲ သွားသွား အပူဇော်ခံရမှာပါ။
(ဓမ္မဋ္ဌ၊ ၁။ ၃၃၂။ ဓမ္မဋ္ဌ၊ ၂။ ၂၈၉။)
စိတ္တသူကြွယ်ဟာ ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံလို့ ရောက်လေရာ အရပ်မှာ ပူဇော်ခံရသလို၊ အနာထပိဏ်တို့ ၀ိသာခါတို့ဟာလည်း ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံလို့ အပူဇော်ခံရတာပါပဲ။ တခြား ဘယ်သူမဆိုလည်း ဒီဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံရင် အပူဇော်ခံရမှာပါပဲ။
ခုတလော ဒကာမကြီးဟာ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဆိုင်ဖွင့်ပွဲ စတဲ့ အခမ်းအနားတွေမှာ အထူးတလည် ဖိတ် ကြားခံရတယ် ဆိုတာ ဒကာကြီး ပြောလို့ သိရပါတယ်။ စိတ္တသူကြွယ်တို့ အနာထပိဏ် ဝိသာခါတို့လို အပြည့်အစုံ မဟုတ်တောင်မှ သဒ္ဓါ၊ သီလ၊ ယသ၊ ဘောဂ ဆိုတဲ့ အပူဇော်ခံထိုက်တဲ့ ဂုဏ်ကျေးဇူးတွေနဲ့ အထိုက်အလျောက် ပြည့်စုံနေလို့ ဖိတ်ကြားခံရခြင်းပဲ ဖြစ်တယ်။ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ ရဟန်းဒကာ၊ ကျောင်းဒကာ၊ လူကြီး လူကောင်း အဖြစ် အများက အသိမှတ် ပြုလာခြင်း ဖြစ်တယ်။ ခေတ်က တောင်းဆိုပြီး ခေတ်က နေရာပေးလာတဲ့ ဓမ္မသူဌေး၊ ဓမ္မသူကြွယ်၊ ဓနသူဌေး၊ ဓနသူကြွယ် အဖြစ် ရဟန်းရှင်လူ လေးစားခံရခြင်း၊ နေရာရလာခြင်း ဖြစ်တယ်။
တချို့ဆို ကာယကံရှင် ကိုယ်တိုင်က တကူးတက တလေးတစားနဲ့ အထူးတလည် လာဖိတ်ကြတယ်လို့လည်း ကြားရတယ်။ ဒီလို အခွင့်အရေးမျိုး ဆိုတာ ကိုယ်က တမင်တကာ လုပ်ယူလို့ ရကောင်းတဲ့ အရာမျိုး မဟုတ်ဘူး၊ လောကကြီးက ချီးမြှင့်ပေးလို့ ကိုယ်နဲ့ ထိုက်တန်လို့သာ ရတဲ့ အခွင့်အရေးကောင်းတွေ ဖြစ်တယ်။ ဒါကြောင့် သာရေးနာရေး ဘာသာရေး လူမှုရေး အခမ်းအနားတွေကို အချိန်ပေးပြီး ကြွရမယ်။ ဒီလို ကြွရောက်ခြင်းဟာ ဘာသာရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ လူမှုရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ စီးပွားရေး ရှူထောင့်ကပဲ ကြည့်ကြည့်၊ ဘက်ပေါင်းစုံနဲ့ ညီညွတ်တဲ့ အကျိုးပြုလုပ်ငန်း တခု ဖြစ်တယ်။ အများကြီး အကျိုး ရှိတယ်။ ဒါကြောင့် ဒကာမကြီး အနေနဲ့ ပင်ပန်း နွမ်းနယ်တဲ့ ကြားထဲကနေ တာဝန်တရပ် အနေနဲ့ ဆောင်ရွက်သင့်တယ်။
လက်ဖွဲ့ရာမှာလည်း ဝတ္တရားအရ ထည့်ဝင်ခြင်း မဟုတ်ဘဲ၊ လှူတယ်၊ ပေးတယ်၊ စွန့်ကြဲတယ်၊ ထောက်ပံ့တယ်၊ ကူညီတယ် ဆိုတဲ့ သဘောမျိုးထားရမယ်။ အလှူလုပ်သလို စေတနာ ပြတ်သားစွာနဲ့ ပေးလှူရမယ်။ တကယ်တော့ အလှူပေးပုဂ္ဂိုလ်နဲ့ အလှူခံပုဂ္ဂိုလ်ရယ်လို့ ရှိရာမှာ အလှူခံပုဂ္ဂိုလ်က ပဓာန မကျဘဲ အလှူပေး ပုဂ္ဂိုလ်ကသာ ပဓာနကျပါတယ်။ ပေးလှူသူက စေတနာ ထက်သန်လေ၊ အကျိုးပေး ကောင်းလေ၊ စေတနာ ပြတ်သားလေ အကျိုးပေး ဖွံ့ဖြိုးလေ ဖြစ်ပါတယ်။
ဒါကြောင့် လူမှုရေး ကိစ္စပင် ဖြစ်သော်လည်း စေတနာထား လှူပါ။ စိတ်ထဲက လှူပြီးတိုင်းလည်း စိတ်ထဲကနေ လိုရာဆုကို တောင်းပါ။ ဒကာကြီး လွတ်မြောက်ရေးကို ရည်မှန်းပြီး ဆုတောင်းနိုင်သလို၊ နိဗ္ဗာန်အထိလည်း ရည်မှန်းပြီး ဆုတောင်းနိုင်ပါတယ်။
ဘုန်းဘုန်း
ဦးဝီရသူ (မစိုးရိမ်
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
" အပါယ်သို့ ရောက်စေတတ်သော ဒုစရိုက် (၁၀)ပါး"
မကောင်းသောကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ကို ဒုစရိုက် ဟုခေါ်သည်။
(ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)
ဒုစရိုက် ကာယကံသုံးပါး
(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။
ဒုစရိုက် ၀စီကံလေးပါး
(၁) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊
ချစ်သူနှစ်ဦး ကွဲသွားအောင် ရန်တိုက်ပေးခြင်း။
(၃) ဖရုသ၀ါစာ = ဆဲရေး တိုင်းထွာခြင်း စသော
ကြမ်းတမ်းသော စကားပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။
ဒုစရိုက် မနောကံသုံးပါး
(၁) အဘိဇ္ဈာ - သူတပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးကို သေကြေပျက်စီး စေလိုခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ = အမှားယူခြင်း (ကံ - ကံ၏အကျိုး မယုံကြည်ခြင်း)။
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက်
ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ
၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။
၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။
၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။
၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။
၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။
၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။
(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)
ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဥာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။ သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုံ အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့ကား ယခုဘဝသာလျှင် စိတ်ချရကုန်၏။ အငယ်သည်ကား တစ်နေ့ တစ်ရက်မျှပင် စိတ်မချရသေး။ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန် စာဖြူဝင် ဖြစ်နိုင်သေးသူဖြစ်၏။ စိတ်မချရသေး။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများလည်း ပရမတ္ထ ဗုဒ္ဓဘာသာဝင် မဖြစ်သေးလင့် ကစား ဗုဒ္ဓဘာသာ အလတ်၊ အကြီးအဆင့်လောက်တော့ ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းသမှု ပြုလိုက်ရပါသည်။
စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
သံဝေဂ တေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာ ပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့ အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲ နင့်ပြင် ရှိသေးလား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလား။
ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားပြုစုသော လယ်တီ ဒီပနီဝိသောဓကမူ ဂမ္ဘီရ ကဗျာကျမ်း
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ချမ်းသာစွာအိပ်စက်တော်မူရပါ၏လော။
ဘုရားရှင်သည် အာဠ၀ီပြည်အနီးယင်းတိုက်တောဝယ် နွားတို့သွားရာ
လမ်းနဘေးအရိပ်ကျဲကျဲသစ်ပင်အောက်၌သစ်ရွက်အခင်းပေါ်တွင်သီတင်း
သုံးတော်မှု၏။ ထိုစဉ်ဟတ္ထကအာဠာဝကမင်းသားသည် အညောင်းပြေလမ်း
လျှောက်လာရင်း ဘုရားရှင်ကိုမြင်သဖြင့် ချဉ်းကပ်ရှိခိုးပြီး ဤသို့မေး
လျှောက်လေသည်။
အရှင်ဘုရား အသို့နည်းချမ်းသာစွာအိပ်စက်တော်မူရပါ၏လော။
မင်းသားငါဘုရားသည်ချမ်းချမ်းသာသာကျိန်းစက်ရ၏။ လောက၌
ချမ်းချမ်းသာသာ အိပ်စက်ရသူတို့တွင် ငါသည်လည်းတစ်ဦးအပါ
အ၀င်ဖြစ်၏။
အရှင်ဘုရားဆောင်းဦးညဥ့်ဖြစ်၍ ချမ်းအေးလှပါ၏။ တပို့တွဲနှင့်တပေါင်း
အကူးအကြား ၈-ရက်သည်ဆီးနှင်းများကျသောအခါဖြစ်ပါ၏။ မြေပြင်သည်
နွားခြေရာကွက်တို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ပင်၏အရွက်တို့ကလည်းကျို့
တို့ကျဲတဲရှိလှပါ၏။ အရှင်ဘုရား၏သင်္ဃန်းတော်များမှာလဲ အေးစက်နေ၏။
ဆောင်းလေအေးကလည်း အရပ်လေးမျက်နှာမှ တိုက်ခတ်နေပါ၏။ သို့ဖြစ်ပါ
လျက် ချမ်းချမ်းသာသာကျိန်းစက်ရကြောင်း လောက၌ ချမ်းသာစွာအိပ်စက်
ကြရသူတို့တွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း အရှင်ဘုရားမို့မိန့်တော်မှုနိုင်
ပါဘိဘုရား။
မင်းသားသို့ဖြစ်လျှင် ဤနေရာတွင် သင့်ကိုပင်ပြန်၍မေးရဦးမည်။
သင်သဘောကျသလိုဖြေပါ။ မင်းသားငါပြောမည့်ထိုစကားကို သင်မည်သို့
ထင်သနည်း။ ဤလောက၌ သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားအား
လည်းကောင်း မိုးလုံလေလုံ ဆီမီးထိန်ထိန်တွန်းထားသည့် အိမ်ကြီးအိမ်
ကောင်းထဲတွင် ရတနာစီခြယ်ထားသည့် မွေ့ရာကောဇောများ ခင်းထားသည့်
ကုတင်ကြီးပေါ်၌ စိတ်နုလုံးကိုရွှင်ပြုံးနှစ်သက်စေနိုင်သည့် မယားအလှလေး
ယောက်တို့က အမျိုးမျိုးပြုစုယုယ လုပ်ကျွေးကြ၏။ မင်းသား ထိုသူကြွယ်သည်
ချမ်းသာစွာအိပ်စက်ရသလော၊ ချမ်းသာစွာမအိပ်စက်ရသလော။
အရှင်ဘုရား ထိုသူကြွယ်သည်ချမ်းသာစွာအိပ်စက်ရပါ၏။ ချမ်းသာစွာအိပ်စက်
ရသူတို့တွင် တစ်ဦးအပ်အ၀င်ဖြစ်ပါ၏။
မင်းသား ထိုသူကြွယ်အား ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ဖြစ်ကုန်
သော ကိုယ်၌ပူလောင်ခြင်း စိတ်၌ပူလောင်ခြင်းတို့ ဖြစ်ကုန်ရာ၏။ အကြင်ပူလောင်
ခြင်းတို့ဖြင့် ပူလောင်သောသူည် ဆင်းရဲစွာ ဆိပ်ရသည်မဟုတ်ပါလော။
အရှင်ဘုရား၊ ဆင်းရဲစွာအိပ်ရသည်မှန်ပါ၏။
မင်းသား ငါဘုရားသည် ထိုရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြစ်၏။
အမြစ်ရင်းကို အကြွင်းမဲ့ ဖြစ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။
အသစ်မဖြစ်အောင် ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်းသဘော မရှိတော့ပြီ။
ထို့ကြောင့်ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။
ဗုဒ္ဓဘာသာလက်စွဲကျမ်း
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
လမ်းနဘေးအရိပ်ကျဲကျဲသစ်ပင်အောက်၌သစ်ရွက်အခင်းပေါ်တွင်သီတင်း
သုံးတော်မှု၏။ ထိုစဉ်ဟတ္ထကအာဠာဝကမင်းသားသည် အညောင်းပြေလမ်း
လျှောက်လာရင်း ဘုရားရှင်ကိုမြင်သဖြင့် ချဉ်းကပ်ရှိခိုးပြီး ဤသို့မေး
လျှောက်လေသည်။
အရှင်ဘုရား အသို့နည်းချမ်းသာစွာအိပ်စက်တော်မူရပါ၏လော။
မင်းသားငါဘုရားသည်ချမ်းချမ်းသာသာကျိန်းစက်ရ၏။ လောက၌
ချမ်းချမ်းသာသာ အိပ်စက်ရသူတို့တွင် ငါသည်လည်းတစ်ဦးအပါ
အ၀င်ဖြစ်၏။
အရှင်ဘုရားဆောင်းဦးညဥ့်ဖြစ်၍ ချမ်းအေးလှပါ၏။ တပို့တွဲနှင့်တပေါင်း
အကူးအကြား ၈-ရက်သည်ဆီးနှင်းများကျသောအခါဖြစ်ပါ၏။ မြေပြင်သည်
နွားခြေရာကွက်တို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ပင်၏အရွက်တို့ကလည်းကျို့
တို့ကျဲတဲရှိလှပါ၏။ အရှင်ဘုရား၏သင်္ဃန်းတော်များမှာလဲ အေးစက်နေ၏။
ဆောင်းလေအေးကလည်း အရပ်လေးမျက်နှာမှ တိုက်ခတ်နေပါ၏။ သို့ဖြစ်ပါ
လျက် ချမ်းချမ်းသာသာကျိန်းစက်ရကြောင်း လောက၌ ချမ်းသာစွာအိပ်စက်
ကြရသူတို့တွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း အရှင်ဘုရားမို့မိန့်တော်မှုနိုင်
ပါဘိဘုရား။
မင်းသားသို့ဖြစ်လျှင် ဤနေရာတွင် သင့်ကိုပင်ပြန်၍မေးရဦးမည်။
သင်သဘောကျသလိုဖြေပါ။ မင်းသားငါပြောမည့်ထိုစကားကို သင်မည်သို့
ထင်သနည်း။ ဤလောက၌ သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားအား
လည်းကောင်း မိုးလုံလေလုံ ဆီမီးထိန်ထိန်တွန်းထားသည့် အိမ်ကြီးအိမ်
ကောင်းထဲတွင် ရတနာစီခြယ်ထားသည့် မွေ့ရာကောဇောများ ခင်းထားသည့်
ကုတင်ကြီးပေါ်၌ စိတ်နုလုံးကိုရွှင်ပြုံးနှစ်သက်စေနိုင်သည့် မယားအလှလေး
ယောက်တို့က အမျိုးမျိုးပြုစုယုယ လုပ်ကျွေးကြ၏။ မင်းသား ထိုသူကြွယ်သည်
ချမ်းသာစွာအိပ်စက်ရသလော၊ ချမ်းသာစွာမအိပ်စက်ရသလော။
အရှင်ဘုရား ထိုသူကြွယ်သည်ချမ်းသာစွာအိပ်စက်ရပါ၏။ ချမ်းသာစွာအိပ်စက်
ရသူတို့တွင် တစ်ဦးအပ်အ၀င်ဖြစ်ပါ၏။
မင်းသား ထိုသူကြွယ်အား ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ဖြစ်ကုန်
သော ကိုယ်၌ပူလောင်ခြင်း စိတ်၌ပူလောင်ခြင်းတို့ ဖြစ်ကုန်ရာ၏။ အကြင်ပူလောင်
ခြင်းတို့ဖြင့် ပူလောင်သောသူည် ဆင်းရဲစွာ ဆိပ်ရသည်မဟုတ်ပါလော။
အရှင်ဘုရား၊ ဆင်းရဲစွာအိပ်ရသည်မှန်ပါ၏။
မင်းသား ငါဘုရားသည် ထိုရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြစ်၏။
အမြစ်ရင်းကို အကြွင်းမဲ့ ဖြစ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။
အသစ်မဖြစ်အောင် ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်းသဘော မရှိတော့ပြီ။
ထို့ကြောင့်ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။
ဗုဒ္ဓဘာသာလက်စွဲကျမ်း
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
တရားဂုဏ်တော် ၆ပါး
ဘဂ၀တော၊ မြတ်စွာဘုရားသည်။
အက္ခာတော၊ ဟောကြားတော်မူအပ်သော။
ဓမ္မော၊ တရားတော်မြတ်သည်။
၁။ သွာက္ခာတော၊ ကိလေသာငြိမ်းကြောင်းကောင်းမွန်မှန်ကန်စွာ
ဟောကြားတော်မူအပ်သော၊
ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
၂။ သန္ဒိဋ္ဌိကော၊ ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တော်တိုင်
တွေ့မြင်နိုင်သော
ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
၃။ အကာလိကော၊ အချိန်အခွင့်မဆိုင်းလင့်ဘဲ ချက်ချင်းလက်ငင်း
အကျိုးပေးတတ်သော၊
ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
၎။ ဧဟိပဿိကော၊ လာပါ ရှုကြည့်ပါဟု ကျင့်ကြံအားထုတ်ရန် တိုက်တွန်း
အပ်သော၊ ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
၅။ သြပနေယျိကော၊ မိမိသဏ္ဍာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော
ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
၆။ ပစ္စတံဝေဒိတဗ္ဗော ၀ိညူဟိ၊ တရားစသိမြင်သည့် ပညာရှိရှစ်ပါး အရိယာ
များသာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီးသိမြင်ခံစားရသော၊
ဓမ္မော၊ တရားတော်မြတ်ပါပေတကား။
သွာက္ခာတအစရှိသော ဤဂုဏ်တော်(၆)ပါးနှင့်ပြည့်စုံတော်မူသော
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ပရိယတ်အားဖြင့်(၁၀)ပါးသောတရားတော်
မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပါ၏
အရှင်ဘုရား။
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
ကိလေသာ
ကိလေသာဆိုတာဘာလဲ
``စိတ္တံကိလိဿတိ၊ ဥပတပ္ပတိ၊ ဗာဓိယတိဝါ၊ ဧတေဟီတိကိလေသာ``လို့ဝိဂြိုလ်ပြုကြပါတယ်။
ပါဠိအနက်ကတော့-
ဧတေဟိ၊ ဤတရားတို့ဖြင့်။ စိတ္တံ၊ စိတ်သည်။ ကိလိဿတိ၊ ညစ်ညူးတတ်၏။
ဥပတပ္ပတိ၊ ပူပန်တတ်၏။ ဗာဓိယတိ၊ နှိပ်စက်ညှင်းဆဲတတ်၏။
က္ကုတိသ္မာ၊ ထို့ကြောင့်။ ကိလေသာ၊ ကိလေသာမည်၏။
မြန်မာသက်သက်အဓိပ္ပါယ်ကတော့-
စိတ်ကိုညစ်ညူးအောင် ပူပန်အောင် ညှင်းပန်းနှိပ်စက်တတ်တဲ့ သဘောတရားကို
ကိလေသာဟုခေါ်ပါတယ် လို့ဆိုလိုပါတယ်။
ကိလေသာအမျိုးအစားများ
အကျယ်အားဖြင့်ကိလေသာ (၁၅၀၀)ရှိပါတယ်။ အကျဉ်းအားဖြင့်တော့(၁၀)ပါးသာ
ရှိပါတယ်။ အဲဒီ (၁၀)ပါးကတော့
၁။ လောဘ= လိုချင်တက်မက်ခြင်း။
၂။ ဒေါသ= အမျက်ထွက်ခြင်း။
၃။ မောဟ= မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
၎။ မာန= ထောင်လွှား၊မော်ကြွား၊ တက်ကြွခြင်း။
၅။ ဒိဋ္ဌိ= အယူလွဲမှားခြင်း။
၆။ ၀ိစိကိစ္ဆာ= ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
၇။ ထိန= ငိုက်မျည်းခြင်း၊ ပျင်းရိခြင်း။
၈။ ဥဒ္ဓစ္စ= စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
၉။ အဟီရိက= အကုသိုလ်ပြုရန် မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ= အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ဖြစ်ကြပါတယ်။
ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံနိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီတွေပဲဖြစ်ဖြစ် ယခုပြောတဲ့ကိလေသာ ၁၀ပါးတွေအပြည့်အနှက်ရှိနေပါတယ်။
အဲဒါကြောင့်လူ့ဘောင်မှာ ဥစ္စာပစ္စည်းရှာဖွေလျက် သားတွေမယားတွေနှင့် စည်းစိမ်ခံနေကြတဲ့
ပုဂ္ဂိုလ်တွေကိုသာ ကိလေသာထူထပ်နေတယ်လို့ မထင်မှတ်ကြပါနှင့်။ ကိလေသာ ၁၀ပါးမှာလည်း
အခိုက်အတန့်အားဖြင့် သုံးပါးစီရှိပါတယ်။
ကိလေသာ အခိုက်အတန့်(၃)ပါး
၁။ ၀ီတိက္ကမကိလေသာ= အကြမ်းစားကိလေသာ။
၂။ ပရိယုဋ္ဌာနကိလေသာ= အလတ်စားကိလေသာ။
၃။ အနုသယကိလေသာ= အနုစားကိလေသာလို့ သုံးမျိုးခွဲခြားထားပြန်ပါတယ်။
ဝစီဒွါရမှ အလွန်ကြမ်းတမ်းစွာထကြွသောင်းကျန်းလှုပ်ရှားကြတဲ့ ၀စီဒုစရိုက်တွေ၊ ကာယဒွါရမှအလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွသောင်းကျန်းတဲ့ ကာယဒုစရိုက်တွေကို ၀ီတိက္ကမကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာထကြွသောင်းကျန်းတာကိုတော့မျက်မြင်အားဖြင့် လူတိုင်းသိနိုင်ပါ
တယ်။ကိုယ်အင်္ဂါနှုတ်အင်္ဂါလှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရှိသေးဘဲ စိတ်နုလုံးမှာသာပွက်ပွက်ဆူလျက်ထကြွနေတဲ့ ဒေါသစတဲ့တရားတွေကို ဒေါသစတဲ့တရားတွေကို ပရိယုဋ္ဌာနကိလေသာ လို့ခေါ်ပါတယ်။ ထိုကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စောင့်နတ်တွေ
သာလျှင်သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေး။ စိတ်သန္တာန်၌ အမြဲကိန်းလျက် ၀ပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသစသောတရားတွေကို အနုသယကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာမျိုးကိုတော့
မြတ်စွာဘုရားမှတစ်ပါး ဘယ်သူမှမမြင်နိုင် မသိနိုင်ကြပါ။
အကြမ်းစားဖြစ်တဲ့ ၀ီတိက္ကမကိလေသာ ကိုတဒင်္ဂပဟာန် တစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း၊
အလတ်စားဖြစ်တဲ့ ပရိယုဋ္ဌာနကိလေသာကို ၀ိက္ခမ္ဘနပဟာန် နှစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း
တွေကတော့ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။ ယခုအခါ အခြားဘာသာတွေမှာလည်းအထိုက်အလျောက်ရှိပါတယ်။
အနုသယကိလေသာကို သမုစ္ဆေဒပဟာန်ဆိုတဲ့အကြွင်းမဲ့ပယ်သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။ ဗုဒ္ဓမရှိတဲ့ နောက်မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဘောင်အတွင်းမှာသာကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ ဗုဒ္ဓ၏သာသနာနှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်မလိုက်တဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေကတော့ သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။
အပ္ပမာဒ အတွဲ(၇)၊အမှတ်(၂)
— with Paing Soe and Nang Mie Mie Htun.``စိတ္တံကိလိဿတိ၊ ဥပတပ္ပတိ၊ ဗာဓိယတိဝါ၊ ဧတေဟီတိကိလေသာ``လို့ဝိဂြိုလ်ပြုကြပါတယ်။
ပါဠိအနက်ကတော့-
ဧတေဟိ၊ ဤတရားတို့ဖြင့်။ စိတ္တံ၊ စိတ်သည်။ ကိလိဿတိ၊ ညစ်ညူးတတ်၏။
ဥပတပ္ပတိ၊ ပူပန်တတ်၏။ ဗာဓိယတိ၊ နှိပ်စက်ညှင်းဆဲတတ်၏။
က္ကုတိသ္မာ၊ ထို့ကြောင့်။ ကိလေသာ၊ ကိလေသာမည်၏။
မြန်မာသက်သက်အဓိပ္ပါယ်ကတော့-
စိတ်ကိုညစ်ညူးအောင် ပူပန်အောင် ညှင်းပန်းနှိပ်စက်တတ်တဲ့ သဘောတရားကို
ကိလေသာဟုခေါ်ပါတယ် လို့ဆိုလိုပါတယ်။
ကိလေသာအမျိုးအစားများ
အကျယ်အားဖြင့်ကိလေသာ (၁၅၀၀)ရှိပါတယ်။ အကျဉ်းအားဖြင့်တော့(၁၀)ပါးသာ
ရှိပါတယ်။ အဲဒီ (၁၀)ပါးကတော့
၁။ လောဘ= လိုချင်တက်မက်ခြင်း။
၂။ ဒေါသ= အမျက်ထွက်ခြင်း။
၃။ မောဟ= မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
၎။ မာန= ထောင်လွှား၊မော်ကြွား၊ တက်ကြွခြင်း။
၅။ ဒိဋ္ဌိ= အယူလွဲမှားခြင်း။
၆။ ၀ိစိကိစ္ဆာ= ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
၇။ ထိန= ငိုက်မျည်းခြင်း၊ ပျင်းရိခြင်း။
၈။ ဥဒ္ဓစ္စ= စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
၉။ အဟီရိက= အကုသိုလ်ပြုရန် မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ= အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ဖြစ်ကြပါတယ်။
ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံနိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီတွေပဲဖြစ်ဖြစ် ယခုပြောတဲ့ကိလေသာ ၁၀ပါးတွေအပြည့်အနှက်ရှိနေပါတယ်။
အဲဒါကြောင့်လူ့ဘောင်မှာ ဥစ္စာပစ္စည်းရှာဖွေလျက် သားတွေမယားတွေနှင့် စည်းစိမ်ခံနေကြတဲ့
ပုဂ္ဂိုလ်တွေကိုသာ ကိလေသာထူထပ်နေတယ်လို့ မထင်မှတ်ကြပါနှင့်။ ကိလေသာ ၁၀ပါးမှာလည်း
အခိုက်အတန့်အားဖြင့် သုံးပါးစီရှိပါတယ်။
ကိလေသာ အခိုက်အတန့်(၃)ပါး
၁။ ၀ီတိက္ကမကိလေသာ= အကြမ်းစားကိလေသာ။
၂။ ပရိယုဋ္ဌာနကိလေသာ= အလတ်စားကိလေသာ။
၃။ အနုသယကိလေသာ= အနုစားကိလေသာလို့ သုံးမျိုးခွဲခြားထားပြန်ပါတယ်။
ဝစီဒွါရမှ အလွန်ကြမ်းတမ်းစွာထကြွသောင်းကျန်းလှုပ်ရှားကြတဲ့ ၀စီဒုစရိုက်တွေ၊ ကာယဒွါရမှအလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွသောင်းကျန်းတဲ့ ကာယဒုစရိုက်တွေကို ၀ီတိက္ကမကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာထကြွသောင်းကျန်းတာကိုတော့မျက်မြင်အားဖြင့် လူတိုင်းသိနိုင်ပါ
တယ်။ကိုယ်အင်္ဂါနှုတ်အင်္ဂါလှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရှိသေးဘဲ စိတ်နုလုံးမှာသာပွက်ပွက်ဆူလျက်ထကြွနေတဲ့ ဒေါသစတဲ့တရားတွေကို ဒေါသစတဲ့တရားတွေကို ပရိယုဋ္ဌာနကိလေသာ လို့ခေါ်ပါတယ်။ ထိုကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စောင့်နတ်တွေ
သာလျှင်သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေး။ စိတ်သန္တာန်၌ အမြဲကိန်းလျက် ၀ပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသစသောတရားတွေကို အနုသယကိလေသာလို့ခေါ်ပါတယ်။ ထိုကိလေသာမျိုးကိုတော့
မြတ်စွာဘုရားမှတစ်ပါး ဘယ်သူမှမမြင်နိုင် မသိနိုင်ကြပါ။
အကြမ်းစားဖြစ်တဲ့ ၀ီတိက္ကမကိလေသာ ကိုတဒင်္ဂပဟာန် တစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း၊
အလတ်စားဖြစ်တဲ့ ပရိယုဋ္ဌာနကိလေသာကို ၀ိက္ခမ္ဘနပဟာန် နှစ်ဘ၀စာလောက်ပယ်သတ်နိုင်တဲ့နည်း
တွေကတော့ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။ ယခုအခါ အခြားဘာသာတွေမှာလည်းအထိုက်အလျောက်ရှိပါတယ်။
အနုသယကိလေသာကို သမုစ္ဆေဒပဟာန်ဆိုတဲ့အကြွင်းမဲ့ပယ်သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။ ဗုဒ္ဓမရှိတဲ့ နောက်မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဘောင်အတွင်းမှာသာကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ ဗုဒ္ဓ၏သာသနာနှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်မလိုက်တဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေကတော့ သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။
အပ္ပမာဒ အတွဲ(၇)၊အမှတ်(၂)
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
နိဗ္ဗာန်ရောက်ကြောင်း ဥာဏ်စဉ် ၁၆ ပါး
၁။ နာမရူပ ပရိစ္ဆေဒဥာဏ် – ရုပ်နာမ် ၂ ပါးကို ပိုင်းခြား၍ သိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် – ရုပ်နာမ် ၂ ပါးဖြစ်ကြောင်းကို သိသောဥာဏ်။
၃။ သမ္မာသနဥာဏ် – ရုပ်နာမ် ၂ ပါးကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု သုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗယဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဥာဏ်။
၅။ ဘင်္ဂဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကို ထင်သောဥာဏ်။
၆။ ဘယဥာဏ် – ရုပ်နာမ် ၂ ပါးပျက်ခြင်းကို ဘေးဟု ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဥာဏ်။
၇။ အာဒိန၀ဥာဏ် – ထိုဘေးကို ဆင်းရဲခြင်းဟု ရှုသည့်အစွမ်းဖြစ်သောဥာဏ်။
၈။ နိဗ္ဗိဒါဥာဏ် – ရုပ်နာမ်ခန္ဓာ ၊ သင်္ခါရ ဖြစ်ပုံပျက်ပုံကို ငြီးငွေ့ဖွယ်ဟု မြင်သောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ရာနိဗ္ဗာန်သို့ ညွှတ်သောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ အတင်းလွတ်မြောက်လိုသောဥာဏ်။
၁၁။ သင်္ခါရူပေက္ခာဥာဏ် – ရုပ်နာမ်သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဥာဏ်။
၁၂။ အနုလောမဥာဏ် – ၀ိပသနာဥာဏ် ရင့်သန်သဖြင့် မဂ်၎ခု ပေါ်အောင် နှိုးဆော်ပမာတူသော ဥာဏ်။
၁၃။ ဂေါတြတူဥာဏ် – ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဥာဏ်။
၁၄။ မဂ်ဥာဏ် – နိဗ္ဗာန်ကို သိမြင်သောဥာဏ်။
၁၅။ ဖလဥာဏ် – နိဗ္ဗာန်ကိုသိသော ဖိုလ်ဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် – မဂ်ဖိုလ် နိဗ္ဗာန် ပယ်ပြီး မပယ်ပြီးသော တရားကို ဆင်ခြင်သောဥာဏ်
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
Subscribe to:
Posts (Atom)